အိန္ဒိယဗဟိုအစိုးရသည် မဏိပူရပြည်နယ််နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အစီအစဉ်(Free Movement Regime – FMR)ကို အဆုံးသတ်ရန် စဉ်းစားသုံးသပ်နေကြောင်း Northeast Now သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအစီအစဉ်ကို အဆုံးသတ်ရန် မဏိပူရပြည်နယ်် ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့ပြီးနောက် ဗဟိုအစိုးရက ထိုအကြောင်းအရာကို ဆင်ခြင်စဉ်းစားနေခြင်းဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယ၏ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် သဘောတူညီချက်အရ မဏိပူရပြည်နယ်တွင် နေထိုင်သည့်ဒေသခံများနှင့် မြန်မာနိုင်ငံသားများသည် တစ်ဖက်နှင့် တစ်ဖက် ၁၆ ကီလိုမီတာအထိ ဗီဇာမလိုဘဲ ဝင်ထွက်သွားလာခွင့် ရရှိထားသည်။
သို့သော် မကြာသေးမီက မဏိပူရပြည်နယ််တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများနှင့် မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက်် ဝင်ရောက်လာသည့် အခြေအနေများကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကို အဆုံးသတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အိန္ဒိယ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ တတိယပတ်တွင် FMR သဘောတူညီချက်အား ရာသက်ပန်ဖျက်သိမ်းရန် ဗဟိုအစိုးရအား တောင်းဆိုထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။
လက်ရှိအိန္ဒိယဝန်ကြီးချုပ် နရင်ဒါရာမိုဒီ၏ အာဏာရပါတီဖြစ်သည့် BJP ပါတီ၏ မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရာဇကုမာ အင်မိုကလည်း FMR ကို အဆုံသတ်ရေးနှင့် နယ်စပ်စည်းရိုးများ အပြီးသတ်တည်ဆောက်ရေးတို့သည် လွှတ်တော်အမတ်အားလုံးက ဗဟိုအစိုးရကို တောင်းဆိုနေသည့် အရေးတကြီးလုပ်ဆောင်ရမည့် အကြောင်းအရာများဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အိန္ဒိယ၏ မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသားပေါင်း ၁၀၀၀၀ ခန့် ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသည်။
အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာ ထိစပ်လျက်ရှိပြီး မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံထိစပ်မှုသည် ၁၉၈ ကီလိုမီတာရှိသည်။ မဏိပူရနှင့်မြန်မာအကြား နယ်စပ်ထိတွေ့မှု ၁၉၆ ကီလိုမီတာအနက် ၁၆ ကီလိုမီတာသာ နယ်စပ်စည်းရိုး ကာရံထားသည်။