မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ရှယ်ယာရှင်အသစ်များနှင့် ဆွေးနွေးမှုမှာ အလွန်အပြုသဘောဆောင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မန်ယူအသင်း၏ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူရန် သဘောတူညီမှုရရှိထားသည့် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်နှင့် INEOS လုပ်ငန်းစု ကိုယ်စားလှယ်များဖြစသည့် ဆာဒေ့ဗ်ဘရေးလ်စဖို့ဒ်၊ ဂျွန်ကလော်ဒီဘလန့်တို့သည် ဇန်နဝါရီ ၂ ရက်က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီး အဲရစ်တန်ဟက်ဂ််အပါ အဝင် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ရှယ်ယာရှင်အသစ်များနှင့် ဆွေးနွေးမှုအပေါ် အဲရစ်တန်ဟက်ဂ်က ယခုလိုဖြေကြားခဲ့ခြင်းဖြစ်ပြီး အတူလက်တွဲလုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။
“အဲဒါက အရမ်းကို အပြုသဘောဆောင်ခဲ့ပါတယ်။ တူညီတဲ့စာမျက်နှာပေါ်က ကိစ္စတွေအများကြီးအတွက် ကျွန်တော်တို့ နာရီပေါင်းများစွာအတူထိုင်ပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ပါတယ်။ ဒါက အလွန်အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်ပြီး အချင်း ချင်းလက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူတို့က အခုမှရောက်လာပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်တုန်းပဲ ရှိပါသေးတယ်။ သူတို့ဆီမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေ ရှိတာဖြစ်လို့ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ ကြည့်ရပါမယ်။ ကျွန်တော်တို့ အလုပ်တွေ အတူလုပ်သွားမှာပါ။ ဗျူဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ငြင်းခုန်မှုတွေရှိခဲ့ပြီး အတူပေါင်းစည်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အဲရစ်တန်ဟက်ဂ်က ဆိုသည်။
ထို့ပြင် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ၊ ခံစစ်အတွင်းလူ လင်ဒီလော့ဖ်နှင့် လူငယ်ကွင်းလယ်ကစားသမား ဟန်နီဘယ်လ်တို့ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ခံစစ်အတွင်းလူ ဗာရန်း၊ တိုက်စစ်ကစားသမား မာစီယဲလ်တို့နှင့်လည်း ဆွေးနွေးနေကြောင်း အဲရစ်တန်ဟက်ဂ်က အတည်ပြုပြောကြားခဲ့သည်။
“ရာဖာဗာရန်း၊ အန်သိုနီမာစီယဲလ်တို့နဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ အာရွန်ဝမ်ဘစ်ဆာကာ၊ ဗစ်တာလင်ဒီလော့ဖ်နဲ့ ဟန်နီဘယ်လ်တို့ကိုတော့ သက်တမ်းတိုးခွင့်ရမယ့် ရွေးချယ်မှု လုပ်ခဲ့ပါတယ်။ ဗာရန်း၊ မာစီယဲလ်တို့ရဲ့အခြေအနေကတော့ ကစားသမားနဲ့ ကလပ်အသင်းကြား ဆွေးနွေးမှုလို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။