ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ လာမည့်ပွဲကို မတ်လ၌ ဆော်ဒီ အာရေဗျနိုင်ငံတွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ အက်ဒီဟန်းက အတည် ပြုခဲ့သည်။ ထို့ပြင် ၎င်းက ဂျိုရှူအာနှင့် ထိုးသတ်မည့်ပြိုင်ဘက်မှာ ခရိုအေးရှားလက်ဝှေ့ သမား ဟဲဂိုဗစ်၊ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူနှင့် တရုတ်လက်ဝှေ့သမား ချင်လင်ကျောင်တို့ထဲမှ တစ်ဦးဦးဖြစ်ဖွယ်ရှိကြောင်း ဖွင့်ဟခဲ့သည်။
ဂျိုရှူအာသည် ယင်းလက်ဝှေ့သမားများထဲမှ တစ်ဦးဦးနှင့် ကနဦးထိုးသတ်ပြီး ဖေဖော်ဝါရီ၌ ပြုလုပ်ဖွယ်ရှိသည့် အူဆိုက်နှင့် တိုင်ဆန်ဖျူရီတို့ပွဲမှ အနိုင်ရမည့်သူနှင့် ထိုးသတ်ခွင့်ရရေးမှာ အဓိကပစ်မှတ်ဖြစ်ကြောင်း သိရသည်။
“အခုချိန်မှာ ကျွန်တော်တို့ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ဆွေးနွေးနေတဲ့ ပွဲသုံးပွဲ ရှိပါတယ်။ ပြီးတော့ ဒီပြိုင်ဘက်တွေထဲမှာ ဒီယွန်တေးဝိုင်လ်ဒါ မပါဝင်ပါဘူး။ ဖျူရီ-အူဆိုက် ပွဲက အနိုင်ရမယ့်သူနဲ့ ထိုးသတ်ဖို့ ကျွန်တော် တို့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီပွဲက ကျွန်တော်တို့ အားလုံး အလိုရှိတဲ့ပွဲပါ။ သိသာမြင်လွယ်တာက ဟဲဂိုဗစ်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံလုပွဲ၊ ဖရန်စစ်အန်ဂန်နူနဲ့ ပွဲကြီးပွဲကောင်းတွေပေါ့။ အခြာထိပ်တန်းဟဲဗီးဝိတ်ပွဲတွေလည်း ဖြစ်နိုင်ပါတယ်။ ချင်လင်ကျောင်နဲ့ပွဲက ဖြစ်နိုင်ခြေအရှိဆုံးပေါ့”ဟု အက်ဒီဟန်းက iFL TV သို့ ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဂျိုရှူအာသည် ယူကရိန်းလက်ဝှေ့သမား အူဆိုက်အား နှစ်ပွဲဆက် အရေးနိမ့်ပြီး နောက် ၂၀၂၃ ခုနှစ်အတွင်း သူ၏လက်ဝှေ့ သမားဘဝကို ပြန်လည်တည်ဆောက်ခဲ့ရသည်။
ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ်အတွင်း ထိုးသတ်ခဲ့သည့်ပွဲများ၌ အမေရိကန်လက်ဝှေ့သမား ဖရန်ကလင်ကို အမှတ်ဖြင့်နိုင်၊ ဖင်လန်လက်ဝှေ့သမား ဟယ်လန်နီးယပ်စ်ကို ခုနစ်ချီတွင် အလဲထိုး၊ ဆွီဒင်လက်ဝှေ့သမား အော်တိုဗယ်လင်ကို ငါးချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။