အစ္စရေးကာကွယ်ရေးဝန်ကြီးသည် စစ်အပြီး ဂါဇာအစိုးရအဖွဲ့အတွက် ကနဦး အစီအမံများကို ပထမဆုံးအကြိမ်တင်ပြခဲ့ရာ စစ်ပွဲအပြီး၌ ဂါဇာကို အစ္စရေးရော ဟားမာ့စ်ပါ အုပ်ချုပ်ရလိမ့်မည်မဟုတ်ဟု ဆိုသည်။
စစ်ပွဲအပြီး ဂါဇာအခင်းအကျင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကင် အစ္စရေးသို့လာမည့် ခရီးစဉ်မ တိုင်မီတစ်ရက်အလို ဇန်နဝါရီ ၄ ရက်ညပိုင်းတွင်အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာ ၇ ရက်ဟားမာ့စ်တိုက်ခိုက်မှုကဂါဇာတွင်စစ်ပွဲဖြစ်ပွားစေခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်သည် အရှေ့အလယ်ပိုင်းသို့ စတုတ္ထအကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်သည်။
အရပ်သား သေဆုံးမှုများ တိုးလာခြင်း၊ ပြည်သူထောင်သောင်းချီ စစ်ဘေးရှောင်ရခြင်းတို့ကြောင့်ဖြစ်လာသည့် လူသားချင်းစာနာမှုအကျပ်အတည်းနှင့်ပတ်သက်၍ကု လသမဂ္ဂ၏သတိပေးမှု၊ အငတ်ဘေးနှင့် ရော ဂါဘယတို့ကို ရင်ဆိုင်နေရခြင်းတို့နှင့်အတူ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုများ မြင့်တက်နေချိန်တွင် ဂါဇာကမ်းမြောင်၏ အနာဂတ်နှင့်ပတ်သက်ပြီး လူအများအပြားက စိုးရိမ်လျက်ရှိသည်။
ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်ချပြလာသော စစ်ပြီး ဂါဇာအခင်းအကျင်းကို အစ္စရေးစစ်ကော်မတီထံမတင်ပြမီ မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟားမာ့စ်သည် ဂါဇာကို အုပ်ချုပ်ရမည်မဟုတ်သလို အစ္စရေးကလည်း ဂါဇာအရပ်သားများကို အုပ်ချုပ်ရလိမ့်မည်မဟုတ်ဟု ဖော်ပြထားသည်။
“ဂါဇာဒေသခံတွေဟာ ပါလက်စတိုင်း တွေဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေးနိုင်ငံတော်ကို ရန်လိုခြင်းမရှိတဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေမရှိဘူး ဆိုတဲ့အခြေအနေနဲ့ ပါလက်စတိုင်းအဖွဲ့ အ စည်းတွေက အုပ်ချုပ်ရပါလိမ့်မယ်”ဟု ဖြည့် စွက်ဖော်ပြထားသည်။
အတည်မပြုရသေးသော အခင်းအကျင်းအရ ဂါဇာ၌ အစ္စရေးဆင်နွှဲနေသော စစ်ပွဲသည် အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီးခံသော ဓားစာခံများပြန်လွတ်ရေး သေချာပြီး ဟားမာ့စ်၏စစ်ရေးနှင့်အုပ်ချုပ်ရေး စွမ်းရည်များကို ဖြိုဖျက်ပြီးချိန်အထိ ဆက်လက်ဖြစ်ပွားနေမည်ဟု ဆိုသည်။
ယင်းနောက် အဆင့်သစ်တစ်ရပ် အစပြုမည်ဟု ဆိုသည်။ အဆိုပါ အဆင့်သစ်အရ ဒေသခံ ပါလက်စတိုင်းအဖွဲ့အစည်းများက ဂါဇာကမ်းမြောင်၏ အုပ်ချုပ်ရေးကို လွှဲပြောင်းယူရလိမ့်မည်ဟု အစီအမံတွင် ဖော်ပြထားသည်။
ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရကထုတ်ပြန်ထားသည်။ ပြန်ပေးဆွဲခံရသူများထဲက ၁၃၂ ဦးသည် ဂါဇာ တွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။
သုံးလနီးပါးရှိလာပြီဖြစ်သောအစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အ နည်းဆုံးလူ ၂၂,၄၃၈ ဦးသေဆုံးထားသည်ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ဟားမာ့စ်အုပ် ချုပ်နေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။