ရုရှားသည် မကြာသေးမီက မြောက်ကိုရီးယား၏ ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာများကို အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့သည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်နီးပါးကြာမြင့်လာခဲ့ချိန်တွင် လက်နက်များ ပြတ်လပ်လာသဖြင့် ရုရှားသည် ၎င်း၏ မဟာမိတ်အီရန်နိုင်ငံထံမှ ဒုံးကျည်များကိုရယူရန် စီစဉ်နေကြောင်းလည်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုအတွက် ကြိုတင်ပြင်ဆင်ရာတွင် ဒုံးပစ်လောင်ချာများ ထုတ်လုပ်မှုအားတိုးမြှင့်ရန် တိုက်တွန်းနေချိန်တွင် အိမ်ဖြူတော်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သည့် ကီလိုမီတာ ၉၀၀( မိုင် ၅၅၀) အကွာ အဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ဒုံးကျည်များကို ရုရှားက အသုံးပြုပြီးပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက ရုရှားကို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တဲ့ လောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ညွှန်ပြ နေပါတယ်။ ဒါဟာမြောက်ကိုရီးယားက ရုရှားကို ထောက်ပံ့ပေးနေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်”ဟု ကာဘီက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုအခြေအနေများအရ အမေရိကန်လွှတ်တော်အနေနှင့် ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုထောက်ခံပေးရန် လိုအပ်နေကြောင်းကို မောင်းထိုးပြသရာရောက်နေသည်ဟုလည်း ကာဘီက ပြောကြားခဲ့သည်။
ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများအောက်တွင်ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးစနစ်များသည် ဦးစားပေးကိစ္စဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
လွှတ်တော်အနေနှင့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် အစည်းအဝေးပြုလုပ်ပြီး ယူကရိန်းနိုင်ငံသားများအတွက် ၎င်းတို့ကိုယ်ကိုယ် ခုခံကာကွယ်ရန် လိုအပ်သည့် အရာများကို ထောက်ပံ့ပေးခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းလည်း ကာဘီက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်ကလည်း ရုရှားတပ်ဖွဲ့များသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သည့် ဒုံးကျည်များထဲမှ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည်သည် ဇာပိုရီရှားဒေသ၏ ကွင်းပြင်တစ်ခုသို့ ကျရောက်ခဲ့သည်ဟု ကာဘီက ဆိုသည်။
ထို့နောက် ရုရှားတးပ်ဖွဲ့များသည် ဇန်နဝါရီ ၂ ရက်က ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းကို ပဲ့ထိန်းဒုံးကျည်အများအပြားဖြင့် ပစ်ခတ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆန်ဂျီတက္ကသိုလ်မှ စစ်ဘက်ဆိုင်ရာ လေ့လာရေးပါ မောက္ခချိုဂီအီလ်ကမူ ရုရှား-မြောက်ကိုရီးယား လက်နက်ရောင်းဝယ်မှုသည် ယူကရိန်းစစ်ပွဲအတွင်း တောင်ကိုရီးယား၏ အခန်းကဏ္ဍကို စိတ်ပျက်ကြောင်းဖော်ပြသည့် နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
လက်နက်များ အဓိကထုတ်လုပ်သည့် နိုင်ငံများထဲတွင်ပါဝင်သည့် တောင်ကိုရီးယားသည် နေတိုးနိုင်ငံများအတွက် ယူကရိန်းကို လက်နက်များထောက်ပံ့ပေးနိုင်သည့် လက် နက်သဘောတူညီချက်တစ်ခုဖြင့် ယူကရိန်းကို လက်နက်များသွယ်ဝိုက်ထောက်ပံ့ပေးခဲ့ပြီး ယူကရိန်း၏ အဓိကမဟာမိတ် ပိုလန်အတွက် တင့်ကားများနှင့် ဟောင်ဝဇ္ဇာအမြောက်များကို ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။