ဒရုန်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သော တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီအတွက် အီရန်၌ ကျင်းပသည့် လေးနှစ်မြောက်နှစ်ပတ်လည်ပွဲတွင် အနည်းဆုံး လူ ၈၄ ဦးသေဆုံးခဲ့သည့် ဗုံးခွဲမှု နှစ်ခုကို မိမိတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၅ ရက်တွင် IS အုပ်စုက ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၃ ရက် ဗုံးကွဲမှုများတွင် သေဆုံးသွားသူများအတွက် တစ်နိုင်လုံးဝမ်းနည်းသည့်နေ့ကို အီရန်က ကျင်းပနေချိန်တွင် ယင်းတိုက်ခိုက်မှုများကို မိမိတို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု IS အုပ်စုက ထုတ်ပြန်ခြင်း ဖြစ်သည်။
IS အဖွဲ့ဝင်နှစ်ဦးသည် ဆိုလေမာနီကို ဂုဏ်ပြုသည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာသူများထဲတွင် အသေခံဗုံးခွဲဝတ်စုံများကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု IS အဖွဲ့က တယ်လီဂရမ်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန် ဒရုန်းတိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ သေဆုံးသည့် စတုတ္ထမြောက်နှစ်ပတ်လည်ပွဲကို တက်ရောက်လာသည့် လူအုပ်အတွင်း ၁၅ မိနစ်ခြားကာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အီရန်သည် ဂျီဟတ်များနှင့်အခြားသော စစ်သွေးကြွများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ယခင်ကခံခဲ့ရသည်။ ထို့အပြင် တာဝန်ရှိသူများနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ပစ်မှတ်ထားလုပ်ကြံခံရသည် ဖြစ်ရပ်များကိုလည်းကြုံခဲ့ရသည်။ နျူကလီးယား သိပ္ပံပညာရှင်များကို ရန်သူတော် အစ္စရေးက လုပ်ကြံခြင်းဖြစ်သည်ဟု အီရန်က အပြစ်တင်ခဲ့သည်။
အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့် ထိစပ်နေသော အီရန်နယ်စပ်များ၌ လုံခြုံရေးတိုးမြှင့်မည်ဟု ဇန်နဝါရီ ၄ ရက်တွင် အီရန်ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် ယင်းနှစ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကို ပိတ်ဆို့မည့်နေရာများကို ဖော်ထုတ်ထားပြီးဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်တို့သည် စစ်သွေးကြွအုပ်စုများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးသူများ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက ဝင်ထွက်ရာ နေရာများဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှတစ်ဆင့် ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်တွင် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာ ခဲ့သည်။ အစ္စရေးကို ဟားမာ့စ်၏ တိုက်ခိုက်မှုအား ကြိုဆိုသည်ဟု အီရန်က ပြောကြားထားသော်လည်း အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်သည်ဆိုခြင်းကို အီရန်က ပယ်ချထားသည်။
“ဒီရာဇဝတ်မှုတွေအတွက် တာဝန်ဟာ အမေရိကန်နဲ့အစ္စရေးအစိုးရတို့အပေါ်မှာ ရှိနေတာဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒဟာ တန်ဆာပလာတစ်ခုမျှသာဖြစ်ပါတယ်”ဟု အီရန်သမ္မတအီဗရာဟင်ရိုင်ဆီရုံး၏နိုင်ငံ ရေးရာဌာနဒုတိယအကြီးအကဲက လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။
အဆိုပါ ဗုံးခွဲမှုများ၏နောက်ကွယ်တွင် အမေရိကန်ပါဝင်ခြင်းသို့မဟုတ် အစ္စရေးပါဝင်နေသည်ဆိုခြင်းတို့ကို အမေရိကန်ပြည်ထောင်စုက ပယ်ချခဲ့သည်။ အစ္စရေးအစိုးရကမူ မှတ်ချက်ပေးခြင်းမပြုပေ။
“အမေရိကန်ပြည်ထောင်စုဟာ ဘယ်နည်းနဲ့မှ ပါဝင်ပတ်သက်တာမျိုးမရှိပါဘူး။ ပြောင်းပြန်ပြောဆိုနေတာတွေဟာ ရယ်စရာကောင်းပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ပြောကြားခဲ့သည်။
“ဒီဗုံးခွဲမှုတွေမှာ အစ္စရေးပါဝင်ပတ်သက်နေတယ်ဆိုတာဟာလည်း ယုံကြည်စရာ အကြောင်းမရှိပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။