၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၇၀ ဦးလွတ်မြောက်ခဲ့ပြီး ပုဒ်မ – ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၁ ဦးပါဝင်လာကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာကြသူများမှာ ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၈ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား ၂၃၁ ဦး၊ အကျဉ်းသူ ၁၁၉ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အမျိုးသမီး ၃၅ ဦး၊ အင်္ဂဘိုနှင့် တောင်စွန်းအလုပ်စခန်းများမှ အကျဉ်းသား ၄၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ ၂၀ ဦးနှင့် အင်းဗြောင်အလုပ်စခန်းမှ ၁၁ ဦးတို့ ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။
ကျိုက်မရောအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်လာကြောင်း၊ အလားတူ သထုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံ နေရသူ အမျိုးသား ရှစ်ဦး ပါဝင်လာကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ကျိုက်မရော အကျဉ်းထောင်က ပုဒ်မ – ၅၀၅ (က) နဲ့ ပြန်လွတ်လာသူတွေက သံဖြူ ဇရပ်မြို့နယ်က လူတွေများတယ်။ နောက်သထုံထောင်က ပြန်လွတ်လာသူတွေမှာလည်း ပေါင်မြို့နယ် က ၅၀၅ (က) သမားတွေ ပါလာတယ်လို့သိရတယ်” ဟု ၎င်းက ပြောကြားသည်။
ထူးခြားမှုအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ တစ်ဦး တစ်ယောက်မှ မပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၄၀၁ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစကက ဇန်နဝါရီ ၄ ရက် ရက်စွဲဖြင့် အမိန့်အမှတ် (၁/၂၀၂၄) ထုတ်ပြန်ချက်အရ သိရသည်။