မန်ယူနှင့် ဒေါ့မွန်အသင်းတို့သည် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဒေါ့မွန်အသင်းသည် ဆန်ချို(၂၃ နှစ်)ကို ရာသီကုန်အထိ အငှားဖြင့် ပြန်လည်ခေါ်ယူရန် မန်ယူအသင်းနှင့်် ဆွေးနွေးနေခြင်းဖြစ်ပြီး သဘောတူညီမှုရရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဆန်ချိုသည် ၂၀၂၁ နွေရာသီတွင် ဒေါ့မွန်မှ မန်ယူသို့ ပြောင်းရွှေ့ကြေးပေါင်(၇၃)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ယခုရာ သီ၌ နည်းပြတန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့သောကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပင် မရရှိသူလည်းဖြစ်သည်။
ထို့ကြောင့် အသင်းပြောင်းရွှေ့ရန် စီစဉ်ခဲ့ရာ ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရာသီကုန်အထိ ငှားရမ်းခ ပေါင်(၃)သန်းဝန်းကျင်ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်ကမူ အခြေအနေကို စောင့်ကြည့်ရဦးမည်ဟုသာ ပြောကြားခဲ့သည်။
စပိန်နိုင်ငံနှင့် သွားရောက်လေ့ကျင့်နေသည့် ဒေါ့မွန်အသင်းက ဆန်ချိုနှင့် အဆိုပါလေ့ကျင့်ရေးအစီအစဉ်၌ ပူးပေါင်းနိုင်ရန် လိုလားနေကြောင်း သိရသည်။