မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နှင့် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့သည် အိုးဘိုအကျဉ်းထောင်မှ ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသားတစ်ထောင်ကျော်အား လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဇန်နဝါရီလ ၄ရက်နေ့က လွှတ်ပေးခဲ့ရာတွင် ဒေါက်တာရဲလွင်နှင့် ဦးကျော်ဇေယျတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာရဲလွင်လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး ဆွေမျိုးနီးစပ်သူတစ်ဦးက ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားခဲ့သလို ဦးကျော်ဇေယျ၏ မိသားစုဝင်တစ်ဦးကလည်း အတည်ပြုရေးသားထားချက်အရ သိရသည်။
ဒေါက်တာရဲလွင်သည် ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှုစသည်တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။
ထို့ပြင် ဦးကျော်ဇေယျသည်လည်း ၅၀၅(ခ)ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်။