ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွန်းချောင်းတံတားမှာ ဇန်နဝါရီ ၄ ရက် ရက် နံနက် အစောပိုင်းက မိုင်းခွဲဖျက်ဆီး ခံရသဖြင့် တံတားအရှည် ပေ ၁၀၀ ဝန်းကျင်ခန့် ကျိုးကျပျက်စီးသွားခဲ့ပြီး ဖြူးမြို့နှင့်ပဲနွယ်ကုန်းမြို့ကြား လမ်းဟောင်းမှ မော်တော်ယာဉ်များ သွားလာ၍ မရသေးကြောင်း သိရသည်။
ကျိုးကျပျက်စီးသွားသောတံတားမှာ အရှည် ပေ ၃၀၀ ခန့် ၊ အကျယ် ၅၀ ပေခန့်ရှိသည့် သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ပြီး ယနေ့နံနက် ၅ နာရီခန့်က မိုင်းခွဲခံရကာ တံတားကြီး၏မြောက်ဘက် (မန္တလေးဘက်) အခြမ်းတွင် အရှည်ပေ ၁၀၀ ခန့် အထိ ပြိုကျပျက်စီးသွားခဲ့သဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မော်တော်ယာဉ်များ သွားလာ၍မရတော့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်း ပေါ်တွင် မော်တော်ယာဉ်များသွားလာ၍မရတော့ပဲ မော်တော်ယာဉ်များက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှ မောင်းနှင်ရသဖြင့် အမြန်လမ်းမကြီးတွင်လည်း ယာဉ်အသွားအလာ များလျက်ရှိကြောင်း သိရသည်။