အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားတစ်ရာကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား ၁၈ ဦးအပါအဝင် စုစုပေါင်း အ ကျဉ်းသား ၂၄၀၀ ကျော် လွတ်မြောက်ခဲ့ ကြောင်း စုံစမ်းမှုများအရ သိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်တွင် အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကိုလွတ်ငြိမ်းခွင့်ပြုခဲ့ပြီး YBS ယာဉ်များဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
“စုစုပေါင်း အကျဉ်းသား ၂၄၀၀ ကျော် လွတ်ငြိမ်းပါပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသား အကျဉ်းသား ၁၈ ဦး ပါတယ်လို့ သိရ တယ်။ နိုင်ကျဉ်းကတော့ တစ်ရာကျော် လောက်ရှိမယ်။ ၅၀၅ (က) အများစုပါတယ် လို့ သိရတယ်။ အရေအတွက် မသိရဘူး ” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြု မည် သတင်းကြောင့် သက်ဆိုင်ရာ မိသားစု ဝင်များသည် နံနက် ၇ နာရီခန့်မှ စတင်ပြီး လှိုင်မြစ်လမ်းရှိ အင်းစိန်အကျဉ်းထောင် ဝင် / ထွက်ပေါက်ရှေ့တွင် လာရောက်စောင့် ဆိုင်းခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ်မှ လာရောက်သူတစ် ဦးက “သားလေးကို လွတ်ငြိမ်းခွင့်ထဲ ပါမလားလို့ လာကြည့်တာပါ။ ဒီနေ့ လွတ်ငြိမ်းရှိ တယ်ဆိုလို့ ညကတည်းက အိပ်လို့မပျော်ဘူး။သူက ကျတဲ့နှစ်များတော့ ဒီနေ့ပါမယ်လို့သိပ်တော့ မမျှော်လင့်ရဲပါဘူး။ ၂၀၂၁ တုန်းက ကျ သွားတာပါ” ဟု ပြောကြားခဲ့သည်။
ထို့နောက် လာရောက်စောင့်ဆိုင်းသူ များပြားလာကာ နံနက် ၁၀ နာရီခွဲခန့်တွင် လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ပို့ ဆောင်ပေးမည့်ခရိုင်အသီးသီးမှ YBS ယာဉ် အစီးရေ ၃၀ ခန့် အင်းစိန်ထောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် အကျဉ်းသားများကို စတင်လွှတ်ပေးခဲ့သည်။
ထိုသို့ လွတ်မြောက်လာသူများအနက် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက် လင်းလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ကိုကောင်းဆက်လင်းက “ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ အခုချိန်မှာ ကွယ်လွန်သွားတဲ့ အမေ့ကို ပြန်လိုချင်ပါ တယ်။ အမေက ကျွန်တော်ထောင်ထဲမှာ ရှိစဉ်မှာ ဆုံးသွားတာ အခုဆို ရှစ်လရှိပါပြီ ” ဟု ပြောကြားသည်။
ဓာတ်ပုံသတင်းထောက် ကိုကောင်း ဆက်လင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီး လမ်းတွင် ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး ယင်း နောက် ကိုကောင်းဆက်လင်းသည် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။