ဇန်နဝါရီ ၄ ရက်က တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေကြောင်းနှင့် လေကြောင်းမှ ကင်းလှည့်လည်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်၏ မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေစဉ် ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်၌ တရုတ်နှင့် အမေရိကန်စစ်သင်္ဘောများ ရောက်ရှိနေကာ စစ်ရေးလေ့ကျင့်မှု များ အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိသည်။
တောင်တရုတ်ပင်လယ်တွင် ရေတပ်နှင့် လေတပ်ကို နှစ်ရက်ကြာ ဖြန့်ကြက်ကာ ပုံမှန် ကင်းလှည့်လည်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်က ပြီးခဲ့သည့်ရက်က ပြောကြားခဲ့သည်။
သို့သော် မည်သည့်နေရာတွင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုမူ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ်ဗင်ဆန် ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်ရေယာဉ်စုသည် ဖိလစ်ပိုင်ရေတပ်နှင့် နှစ်ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း အမေရိကန်က ပြောကြားထားစဉ် တရုတ်က ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ သုံးထရီလျံကျော်ရှိသည်။
တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တရုတ်၏ ပြောကြားချက်များသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဟု အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းကိုလည်း တရုတ်က လက်မခံပေ။
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်စမှုများဟု ရှုမြင်ထားသော လုပ်ရပ်များကို တန်ပြန်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်သည် စစ်သင်္ဘောများသွားလာလှုပ်ရှားမှုနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုများ ပေါက်ကွဲ ထွက်နိုင်သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား လနှင့်ချီ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားပြီးနောက် ယခုသီတင်းပတ်တွင် စစ်ရေးလေ့ကျင့်မှုများ အသီးသီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးတွင် စိုးရိမ်ဖွယ် ပြဿနာအဖြစ် ယူဆသည့် ကိစ္စရပ်များကို စေ့စပ်ဆွေးနွေးခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖိလစ်ပိုင်ကို သတိပေးထားသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ကာ အခြားနိုင်ငံများကို မဟာဗျူဟာ မြောက် ထိန်းချုပ်စိုးမိုးနိုင်သည့် နေရာအဖြစ်ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။