ဟားမာ့စ်ဒုတိယအကြီးအကဲသေဆုံးသွားသည့် ဘေရွတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မည်သည့် အနာဂတ်ဖြစ်နိုင်ခြေအတွက်မဆို မိမိတို့ ပြင်ဆင်ထားသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ရာ ဂါဇာကမ်း မြောင်တွင် ဖြစ်ပွားနေသော စစ်ပွဲက ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခအဖြစ် ကူးစက်သွားနိုင်သည့် စိုးရိမ်ပူပန်မှုများကို လှုံ့ဆွပေးလျက်ရှိသည်။
အစ္စရေး တိုက်ခိုက်မှုတစ်ခုအတွင်း ဆာလက်အယ်လ်အရူရီသည် ၎င်း၏သက်တော်စောင့်များနှင့်အတူ သေဆုံးသွားသည်ဟု လက်ဘနွန်ရှိ ထိပ်တန်းလုံခြုံရေးတာဝန်ရှိ သူကအေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့သော ဟားမာ့စ်ကို ချေမှုန်းမည်ဟု အစ္စရေးက ပြောကြားထားသည်။
ဒုတိယလုံခြုံရေးတာဝန်ရှိသူတစ်ဦးက အဆိုပါသတင်းကို အတည်ပြုခဲ့သည်။ အစ္စရေးတိုက်ခိုက်မှုက လက်ဘနွန်တွင် အရူရီကို သေဆုံးသွားစေခဲ့သည်ဟု ဟားမာ့စ်ရုပ်သံကလည်း သတင်းဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက အရူရီ သေဆုံးသွားသည့် အကြောင်းကို တိုက်ရိုက်ပြောကြားခြင်းမပြုသော်လည်း အစ္စရေးစစ်တပ်သည် ကာကွယ်ရေးအပိုင်းတွင်လည်းကောင်း၊ ထိုးစစ်အပိုင်းတွင်လည်းကောင်း စစ်တလင်းနေရာအားလုံးတွင် အသင့်ရှိမှု အမြင့်ဆုံးအနေအထား တွင်ရှိနေသည်ဟု ပြောကြားခဲ့သည်။ မိမိတို့သည် မည်သည့် အနာဂတ်ဖြစ်နိုင်ခြေအတွက်မဆို အမြင့်ဆုံး ပြင်ဆင်ထားသည်ဟု ဟာဂါရီက ပြောကြားခဲ့သည်။
အစ္စရေးသည် စစ်ပွဲအတွင်း ဟားမာ့စ်တပ်မှူးများနှင့် ဟားမာ့စ်တာဝန်ရှိသူများ ဂါဇာ၌ သေဆုံးမှုများကို ယခင်က ကြေညာခဲ့သည်ဆိုသော်လည်း အရူရီသည် သုတ်သင်ခံရသည့် အထင်ကရအဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်ဘနွန်မြို့တော် ဘေရွတ်ကို ပထမဆုံး တိုက်ခိုက်မှုအတွင်း ၎င်း သေဆုံးသွားခြင်းဖြစ်သည်။
အရူရီသေဆုံးမှုက ဟားမာ့စ်၏အရှုံးကို ဦးတည်စေလိမ့်မည်မဟုတ်ဟု ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ဟားမာ့စ်၏ လက်ဘနွန်အခြေစိုက် မဟာမိတ် ဟစ်ဇဘိုလာအဖွဲ့ကလည်း အရူရီအသတ်ခံရမှုသည် အပြစ်ပေးအရေးမယူဘဲနေ၍မရဟု ပြောကြားခဲ့ပြီး ယင်းသည် လက်ဘနွန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့ကာ အန္တရာယ်များသော အနေအထားဖြစ်သည်ဟု ဆိုသည်။
သုံးလနီးပါးကြာမြင့်လာသည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အ နည်းဆုံးလူ ၂၂,၁၈၅ ဦးသေဆုံးထားသည်ဟု ဂါဇာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ဂါဇာကမ်းမြောင်တွင် အစ္စရေးစစ်သား ၁၇၂ ဦးကျဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဟားမာ့စ်ခေါင်းဆောင်များသည် မိမိတို့ ပြည်သူများ၏ဂုဏ်သိက္ခာအတွက် အာဇာနည်များအဖြစ် ကျဆုံးသွားခြင်းဖြစ်ပြီး မိမိတို့၏နိုင်ငံသည် ဘယ်တော့မှ ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု အရူရီသေဆုံးခဲ့ပြီးနောက် ဟားမာ့စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက်က ပြောကြားခဲ့သည်။