၂၀၂၃ ခုနှစ်အတွင်း ဘောလုံးသမား စျေးကွက်တန်ဖိုး အကျဆင်းဆုံးစာရင်းတွင် မန်ယူတောင်ပံတိုက်စစ်ကစားသမား အန်တိုနီက နံပါတ်(၁) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံး(၅)ဦးစာရင်းတွင် မန်ယူအသင်းမှ (၃)ဦး အထိ ပါဝင်နေကြောင်း သိရသည်။
ဂျာမန်အခြေစိုက် Transfermarkt ဝက်ဘ်ဆိုက်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စျေးကွက်တန်ဖိုး အမြင့်တက်ဆုံးနှင့် အကျဆင်းဆုံး (၁၀)ဦးစီစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စျေးကွက်တန်ဖိုးအနိမ့်ကျဆုံးစာရင်း၌ အန်တိုနီ(မန်ယူ/ယူရို သန်း ၄၀)၊ မာနေ (အယ်လ်နာဆာ/ယူရို သန်း ၄၀)၊ ဆန်ချို(မန်ယူ/ယူရို ၃၅ သန်း)၊ ဖိုဖာနာ (ချယ်လ်ဆီး/ယူရို ၃၃ သန်း)၊ မေဆန်မောင့်(မန်ယူ/ယူရို သန်း ၃၀)၊ ကူကူရယ်လာ(ချယ်လ်ဆီး/ယူရို ၂၅ သန်း)၊ ကန်ဆယ်လို(ဘာစီလိုနာ/ယူရို သန်း ၃၀)၊ နေမာ(အယ်လ်ဟီလာ/ယူရို သန်း ၃၀)၊ ဖယ်ကီယာ(ဘက်တစ်/ယူရို ၂၈ သန်း)၊ ဂိုဟက်ဇ်ကာ(ဘိုင်ယန်/ယူရို ၂၅ သန်း)စသဖြင့် စာရင်းဝင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်အတွင်း စျေးကွက်တန်ဖိုး အကျဆုံးစာရင်း၌ ထိပ်ဆုံး (၅)ဦးတွင် မန်ယူအသင်းမှ ကစားသမား (၃)ဦးအထိ ပါဝင်နေခြင်းမှာ လက်ရှိအသင်းရလဒ်ဆိုးများနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။
အန်တိုနီအနေဖြင့် ၂၀၂၃ ခုနှစ်မတိုင်မီ စျေးကွက်တန်ဖိုး ယူရို (၇၅)သန်းရှိခဲ့ရာမှ ယခုအခါ သန်း (၄၀)လျော့ကျကာ ယူရို (၃၅)သန်းသာ ရှိတော့ခြင်းဖြစ်သည်။
၂၀၂၂ နွေရာသီကာလတွင် မန်ယူအသင်းသို့ ရောက်ရှိလာစဉ်က အန်တိုနီ၏စျေးကွက်တန်ဖိုး ယူရို သန်း (၈၀)ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ယူရို (၉၅)သန်း ပေးချေခဲ့ရပြီး ၂၀၂၃ ဖေဖော်ဝါရီလမှစတင်ကာ တန်ဖိုး တဖြည်းဖြည်းကျဆင်းလာခဲ့သည်။
မန်ယူအသင်းမှ ထွက်ခွာရန်နီးစပ်နေသည့် တောင်ပံကစားသမား ဆန်ချိုမှာ ယူရို သန်း (၆၀) မှ (၂၅)သန်းသာ ကျန်ရှိတော့သည်။
ယခုနွေရာသီမှ မန်ယူအသင်းသို့ ရောက်ရှိလာသည့် ကွင်းလယ်ကစားသမား မေဆန်မောင့်မှာလည်း ဒဏ်ရာပြဿနာများနှင့်အတူ ခြေစွမ်းမပြနိုင်ခြင်းကြောင့် ယခင် ယူရို (၇၅)သန်း ရှိခဲ့ရာမှ (၄၅)သန်းသို့ ကျဆင်းသွားခဲ့ရသည်။
စျေးကွက်တန်ဖိုးအမြင့်တက်ဆုံးစာရင်းတွင်မူ ဘယ်လင်ဟမ်(ရီးယဲလ်/ယူရို သန်း ၇၀)၊ ဖာဂူဆန်(ဘရိုက်တန်/ယူရို ၆၄ သန်း)၊ ယာမာ(ဘာစီလိုနာ/ယူရို သန်း ၆၀)၊ ဇိုင်းအမ်မရီ(PSG/ ယူရို ၅၄ သန်း)၊ ဆီမွန်စ်(လိုက်ပ်ဇစ်/ယူရို ၅၂ သန်း)၊ ကိုင်စီဒို(ချယ်လ်ဆီး/ယူရို ၅၂ သန်း)၊ ဟွိုင်လန်း(မန်ယူ/ယူရို သန်း ၅၀)၊ ကူဘို(ဆိုစီဒက်/ယူရို ၄၈ သန်း)၊ ဒိုကူ(မန်စီးတီး/ယူရို ၄၇ သန်း)၊ ကော်ဝဲလ်(ချယ်လ်ဆီး/ယူရို ၄၅ သန်း)တို့ ပါဝင်ခဲ့ကြသည်။