ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၂ ဦးထက်မနည်းရှိလာခဲ့ပြီးနောက် အာဏာပိုင်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်လာနိုင်ခြေအပေါ် သတိပေးချက်ထုတ်ပြန်ထားချိန်တွင် ကယ်ဆယ်ရေးသမားများသည် ဇန်နဝါရီ ၃ ရက်တွင် အသက်ရှင်သူများကို ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုဒ်ရှိသည့် အင်အားပြင်းငလျင်သည် ဟွန်ရှုကျွန်းရှိ အီရှီကာဝါစီရင်စုတွင် လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီလှိုင်း ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ နေအိမ်နှင့်ကားများ ပင်လယ်ထဲသို့ မျောပါခဲ့ပြီး ကမ်းရိုးတန်းဒေသအချို့တွင် နေထိုင်သူများသည်လည်း ကုန်းမြင့်ဒေသများဆီသို့ ရှောင်တိမ်းခဲ့ရသည်။
ဟွန်ရှုကျွန်းမကြီး၏ ဂျပန်ပင်လယ်ဘက်ခြမ်းရှိ နိုတိုဒေသသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခံစားခဲ့ရပြီး ၀ါဂျီမာနှင့်ဆူဇူအပါအဝင် မြို့အများအပြားတွင် မီးလောင်မှုကြောင့် အဆောက်အအုံအများအပြားမီး လောင်ပျက်စီးခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။
ငလျင်ကြောင့် သေဆုံးသူ ၆၂ ဦးရှိပြီး လူ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ ထဲမှ လူ ၂၀ ခန့်သည် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းအစိုးရက ဇန်နဝါရီ ၃ ရက်တွင် အတည်ပြုထုတ် ပြန်ခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများနှင့် ကြုံတွေ့ခဲ့ သည့်အပြင် ဆိုးရွားသော ရာသီဥတုအခြေအနေကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည်။
ယာယီစခန်းများတွင် ခိုလှုံနေထိုင်သူ ၃၁,၈၀၀ ကျော်ရှိပြီး အဆောက်အအုံ ၂၀၀ ထက်မနည်းပြိုကျခဲ့ကာ ယင်းအရေအတွက်သည် ဆက်လက်မြင့်တက်နိုင်ခြေရှိသည်ဟု အစိုးရက ပြောကြားခဲ့သည်။
“သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး နောက်နာရီပေါင်း ၄၀ ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့တွေ ကယ်တင်ပေးဖို့ အကူအညီလိုအပ်နေတဲ့ လူတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အများအပြား ရရှိခဲ့ပါတယ်။ အကူအညီစောင့်ဆိုင်းနေတဲ့ သူတွေလည်းရှိနေပါတယ်” ဟုဝန်ကြီးချုပ် ဖုမိအိုခိရှိဒက အရေးပေါ်လုပ်ငန်းတာဝန ်အဖွဲ့အစည်းအဝေးပြီးနောက် ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့်နေရာများသို့ ကယ်ဆယ်ရေးအတွက် စေလွှတ်သည့်စစ်သားအရေအတွက်ကို နှစ်ဆတိုးမြှင့်ထားပြီးနောက် ထပ်ကယ်ဆယ်ရေးခွေးများကိုလည်း တပ်ဖြန့်စေလွှတ်ခဲ့သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။
ဂျပန်မိုးလေဝသအေဂျင်စီ(JMA)က ယင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ထားသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အထူးအရေးတကြီး လုပ်ဆောင်နေပြီး ဇန်နဝါရီ ၃ ရက်ညနေခင်း အချိန်မတိုင်မီအထိ မြေပြိုမှုသတိပေးချက်များ ထုတ်ပြန်ထားသည်။
“ဆူဇုဒေသမှာရှိတဲ့ မြို့တစ်မြို့မှာနေအိမ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အားလုံးနီးပါး ပျက်စီးသွားပါတယ်။အခြေအနေက တော်တော်ဆိုးရွားပါတယ်” ဟုဒေသတွင်းအ ကြီးအကဲကဆိုသည်။အီရှီကာဝါစီရင်စုရှိ အိမ်ထောင်စု ၃၂,၈၀၀ ဝန်းကျင်သည် လျှပ်စစ်မီး မရရှိသေးဟု သိရသည်။