ဇန်နဝါရီ ၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ်တွင် ဂျပန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် ဝင်တိုက်မိပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလျင်အမြန် မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် အမှုထမ်း ၃၇၉ ဦးစလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ဟု ဂျပန်ပို့ဆောင်ရေးဝန်ကြီး တဲဆုအို စိုင်တိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့ရာတွင် ပိုမိုအရွယ်အစားသေးငယ်သည့် ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမှုထမ်း ခြောက်ဦးအနက် ငါးဦး သေဆုံးခဲ့သည်ဟု စိုင်တိုက ဆိုသည်။
အဆိုပါလေယာဉ်မှ ကပ္ပတိန်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ခရီးသည်တင်လေယာဉ်ပေါ်တွင် လိုက်ပါသူအားလုံးကို ဘေးလွတ်ရာသို့ လျင်လျင်မြန်မြန် ကယ်ထုတ်နိုင်ခဲ့သော်လည်း လေယာဉ်တောင်ပံအနီး၊ ပြတင်းပေါက်များဆီမှ ထွက်ပေါ်လာသည့် မီးတောက်များကို ငြိှမ်းသတ်နိုင်ခြင်းမရှိသည့်နောက် မကြာမီတွင် လေယာဉ်တစ်စင်းလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ခရီးသည်တင်လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ပြီးနောက် ပြေးလမ်းပေါ်တွင် သို့မဟုတ် ချဉ်းကပ်လေယာဉ်ပြေးလမ်းပေါ်တွင် တစ်ဖက်လေယာဉ်နှင့် ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဂျပန်လေကြောင်းလိုင်း (JAL) က ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။