ဇန်နဝါရီ ၂ ရက်က တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြောင်အား ၎င်းကိုထောက်ခံသူအဖြစ် ဟန်ဆောင်ထားသည့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာကာ လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၎င်းကိုထောက်ခံသူများနှင့် သတင်းထောက်များက ၀ိုင်းအုံနေစဉ် အမျိုးသားတစ်ဦးက ရှေ့သို့ဆတ်ခနဲတိုးလာပြီး ၎င်း၏လည်ပင်းကို ဓား ဖြင့်ထိုးခဲ့ပုံကို တောင်ကိုရီးယားရုပ်သံဌာနများက ထုတ်လွှင့်ပြသခဲ့သည်။
၎င်းသည် သွေးထွက်နေသော်လည်း သတိရှိနေဆဲဖြစ်ကာ ၎င်းကို ဒေသတွင်းရှိ တက္ကသိုလ်ဆေးရုံတစ်ခုဆီသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့နောက်တွင် ခွဲစိတ်ကုသ ရန်အတွက် ဆိုးလ်မြို့သို့ လေယာဉ်ဖြင့်ပို့ ဆောင်ပေးခဲ့ကြောင်း ၎င်း၏ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရဲများက လီကိုထောက်ခံသည့် ဆောင်ပုဒ်ပါရှိသော ဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားသည့် တိုက်ခိုက်သူအား ဝင်လုံးကာ မြေပြင်ပေါ်သို့ လှဲချခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်သည့်နေရာ၌ပင် ဖမ်းမိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
လီသည် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားလျက် ၎င်း၏ကားရှိရာသို့ လျှောက်လာစဉ် ကျူးလွန်သူက ၎င်းအားအမှတ်တရလက်မှတ် ရေးထိုးပေးရန်လီကိုပြောကြားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြည်တွင်းရုပ်သံတစ်ခုဖြစ်သည့် YTN ကို ပြောကြားခဲ့သည်။ ထို့နောက်တွင် လီသည် ဓားဟုယူဆရသော လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ၎င်းမျက်မြင်တွေ့ရှိသူက ဆိုသည်။
အသက် ၅၉ နှစ်အရွယ်လီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အနီးနားရှိ လူများက ၎င်းကိုကူညီရန် အပြေးအလွှာရောက်လာကြပြီး လူတစ်ယောက်က လက်ကိုင်ပဝါတစ်ထည်ဖြင့် ၎င်း၏လည်ပင်းကို ဖိထားပေး ခဲ့ကာ ထို့နောက်တွင် အရေးပေါ်ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီး ၎င်းကိုလူနာတင်ယာဉ်ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
“ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမှ မဖြစ်သင့်တဲ့ ဒီမိုကရေစီစနစ်အပေါ် စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုဖြစ်တယ်” ဟု လီ၏ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ကွမ်ချေဆင်းက ဘူဆန်မြို့ရှိ ဆေးရုံအပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် လီကို ဆိုးလ်မြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဆိုးလ်အမျိုး သားတက္ကသိုလ်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
လီသည် လည်ပင်းတွင် တစ်စင်တီမီတာနက်သည့် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး သတိရှိနေဆဲဖြစ်ကာ သွေးထွက်လွန်ခြင်းမရှိဟု တောင်ကိုရီးယား သတင်းဌာနတစ်ခုဖြစ်သည့် Chosun Ilbo က ဆိုသည်။ တိုက်ခိုက်သူသည် ပြစ်မှုကျူးလွန်သည့် အကြောင်းရင်းကိုထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း ရဲအရာရှိ များ၏ အဆိုကိုကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ သမိုင်းတွင် အကြိတ်အနယ်အရှိဆုံး သမ္မတရွေးကောက်ပွဲဖြစ်သည့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် လီဂျေမြောင်သည် ကွန်ဆာဗေးတစ်ဝါဒီ ယွန်းဆော့ယိုကို ရှုံးနိမ့်ခဲ့သည်။
သမ္မတယွန်းဆော့ယိုက လီတိုက်ခိုက်ခံရသည့်သတင်းကို ကြားသိချိန်တွင် ၎င်း၏ဘေးကင်းမှုအတွက် လေးလေးနက်နက် စိုးရိမ်မိကြောင်း တောင်ကိုရီးယားသမ္မတ၏ ပြောခွင့်ရ ကင်ဆူကျောင်းက ပြောကြားခဲ့သည်။
“ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လုံးဝခွင့်မလွှတ်သင့်ဘူးဆိုတာကို သမ္မတကြီးက လူ့အဖွဲ့အစည်းကို လေးလေးနက်နက်ပြောဆိုခဲ့တယ်” ဟုလည်း ၎င်းက ပြောကြားသည်။