ဂျပန်နိုင်ငံ တိုကျိုရှိဟာနေဒါလေဆိပ်တွင် ဇန်နဝါရီ ၂ ရက်က Japan Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ကမ်းစောင့်တပ် လေယာဉ်တစ်စင်းနှင့် တိုက်ခဲ့ပုံရပြီးနောက် ပြေးလမ်းပေါ်တွင် မီးလောင်သွားခဲ့သည်။
သို့သော် လေယာဉ်ပေါ်ပါ ခရီးသည် ၃၆၇ ဦးစလုံးကို ဘေးလွတ်ရာရွှေ့ပေးနိုင်ခဲ့သည်ဟု ဂျပန်ရုပ်သံ NHK က ကြေညာခဲ့သည်။ ဖြစ်စဉ်အကြောင်းရင်းအတိအကျကို မသိရသော်လည်း အဆိုပါလေယာဉ်နှင့်ကမ်းစောင့်တပ်မှ လေယာဉ်တစ်စင်း တိုက်မိခဲ့သည်ဟု NHK က ဖော်ပြသည်။
လေယာဉ်သည် ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ ဆပ်ပိုရိုလေဆိပ်မှ ရောက်လာခြင်းဖြစ်သည်။ ပြေးလမ်းပေါ်တွင် မီးလောင်သည့်လေယာဉ်အပိုင်းအစများ တွေ့ရပြီး မီးသတ်ကား ၇၀ ကျော် အခင်းဖြစ်နေရာသို့ ရောက်လာသည်ဟု NHK သတင်းတွင်ပါရှိသည်။
ဂျပန်နိုင်ငံသည် ပြင်းထန်သည့် လေကြောင်းမတော်တဆမှုဖြစ်စဉ်များ မဖြစ်ပွားတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ အဆိုးဆုံးမတော်တဆမှုက ၁၉၈၅ ခုနှစ်ကဖြစ်ပြီး တိုကျိုမှ အိုဆာကာသို့ပျံလာသည့် JAL ဂျမ်ဘိုလေယာဉ် နိုင်ငံအလယ်ပိုင်းဂွန်မာဒေသတွင် ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များနှင့် ဝန်ထမ်းအားလုံးပေါင်း ၅၂၀ သေဆုံးခဲ့ရသည်။