နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်းပင်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည် အခါသမယအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ပေးပို့ခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့သည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ ဆုံမှုအဖြစ် နိုဝင်ဘာ ၁၅ ရက်က ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး ထိပ်တိုက်ပဋိပက္ခ ဆီသို့ ဦးတည်ခြင်းမရှိအောင် တားဆီးရန်အတွက် နှစ်နိုင်ငံဆက်ဆံမှုများ တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့သည်။ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံမှုများ ပြန်လည်စတင်ရန်လည်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့သည်။
မကြာသေးမီလများအတွင် နှစ်နိုင်ငံအဆင့်မြင့်တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက်တွင် ရှီနှင့်ဘိုင်ဒင်တို့၏ ထိပ်သီးတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာများပေးပို့ရာတွင် ရှီက နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်မှုရှိပြီး ခိုင်ခိုင်မာမာရှိကာ စဉ်ဆက်မပြတ်တိုးတက်ရေးကို ဖော်ဆောင်ရန်အတွက် နှစ်ဖက်စလုံးက လက်တွေ့ကျသည့် အစီအမံများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်-အမေရိကန် ဆက်ဆံရေးကို နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက်ဖော်ဆောင်ရေးအတွက် သ မ္မတဘိုင်ဒင်နဲ့လက်တွဲအလုပ်လုပ်သွားဖို့ ဆန္ဒရှိပါကြောင်း သမ္မတရှီကျင်းပင်က အလေးအနက် ပြောကြားခဲ့တယ်” ဟု နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။
အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစိုက်ထိန်းသိမ်းခြင်းသည် တရုတ်နှင့်အမေရိကန်တို့ အပြန်အလှန် လုပ်ဆောင်ရမည့် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟုလည်း ရှီက ပြောကြားခဲ့သည်။
သမ္မတရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်လည်း နှစ်သစ်ကူးအထိမ်းအမှတ် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်သည် နှစ်နိုင်ငံချစ်ကြည်နှီးမှု ပိုမိုခိုင်မာအားကောင်းသောနှစ် ဖြစ်လာမည်ဟု နှစ်ဖက်စလုံးက ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် သမ္မတရှီသည် နှစ်သစ်ကူးအကြိုနေ့က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်လည်း နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့သည်။ ယခုနှစ်သည် တရုတ်နှင့် ရုရှားနိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ်ပြည့် အခါသမယလည်းဖြစ်သည်။
တရုတ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အစဉ်သဖြင့် တိုးတက်ခိုင်မာအောင်လုပ်ဆောင်သင့်ပြီး ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အမြဲထာဝရ အိမ်နီးချင်းကောင်းပီသမှုကို ဖော်ဆောင်ရမည်ဟု ရှီကဆိုသည်။