တောင်ကိုရီးယားနှင့် အမေရိကန်တို့ကစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို စတင်မည်ဆိုပါက ၎င်းတို့ကို အကြီးမားဆုံးအင်အားဖြင့်တုံ့ပြန်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ ထိပ်ပိုင်း စစ်ဘက်အရာရှိများကို ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ယမန်နှစ်တွင် မြောက်ကိုရီးယားကလက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့ပြီး မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ် ပြေးညီ သတင်းအချက်အလက်များမျှဝေဖလှယ်သည့် စနစ်တစ်ခုကို ဒီဇင်ဘာ ၁၉ ရက်က စတင်အသက်သွင်းခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့တွင် မြို့တော်ပြုံယမ်း၌ မြောက်ကိုရီးယားစစ်တပ်၏ ထိပ်ပိုင်းတပ်မှူးများနှင့် အစည်းအဝေး ပြုလုပ်ရာတွင် ကင်က ရန်သူဘက်က စတင်ရန်စလာလျှင် အမြတ်ဖြတ်ချေမှုန်းရမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
“ရန်သူက မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်တွေ့ပြီး ရန်စတဲ့နည်းလမ်းကို ရွေးချယ်လာရင် မြောက်ကိုရီးယားစစ်တပ်က အပြင်းထန်ဆုံးနည်းလမ်းနဲ့ ရှိသမျှစွမ်းရည်အားလုံးကို မချွင်းမချန် ထုတ်သုံးပြီး ရန်သူကို ထိထိရောက်ရောက်နဲ့မဆိုင်းမတွချေမှုန်းသုတ်သင်ရမှာဖြစ်တယ်” ဟု ကင်ကဆိုသည်။
အာဏာရ ကိုရီးယားအလုပ်သမားပါတီ၏ နှစ်ကုန်ပိုင်းအစည်းအဝေးတွင် တောင်ကိုရီးယားကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ကင်က ခြိမ်းခြောက်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် အချိန်မရွေး ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ကာ စစ်လက်နက်အင်အား တိုးမြှင့်တည်ဆောက်ရန် ညွှန်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား အာဏာရပါတီ၏ ငါးရက်ကြာအစည်းအဝေးသည် ဒီဇင်ဘာ ၃၀ ရက်က ပြီးစီးသွားခဲ့ပြီဖြစ်ကာ ၎င်းအစည်းအဝေးသို့ ကင်ဂျုံအွန်က ၂၀၂၄ ခုနှစ်အတွက် အဓိကမူဝါဒရေးရာ ဆုံးဖြတ်ချက်များကိုကြေ ညာခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် ၂၀၂၄ ခု နှစ်တွင် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တု သုံးစင်း ထပ်မံလွှတ်တင်မည်ဖြစ်ပြီး နျူကလီးယား လက်နက်များကိုလည်း ထပ်မံတည်ဆောက်ကာ ဒရုန်းကဲ့သို့ လူထိန်းချုပ်ရန်မလိုသည့် ခေတ်မီတိုက်ခိုက်ရေးကိရိယာများကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဟု ကင်က ၎င်းအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကင်က တောင်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းသွားမည် မဟုတ်ကြောင်း ၎င်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် ထိန်းချုပ်မရတော့သည့် အကျပ်အတည်း အခြေအနေတစ်ရပ် ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ယင်းအခြေအနေကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က အစပျိုးခဲ့ခြင်းဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ အဓိကနျူကလီးယား အဆောက်အအုံရှိ ဓာတ်ပေါင်းဖိုအသစ်ကို လာမည့်နွေရာသီတွင် အပြည့်အဝလည်ပတ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်က ဒီဇင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။
ယုံဗြန် နျူကလီးယားအဆောက်အအုံသည် လက်ရှိတွင် မြောက်ကိုရီးယား၏တစ်ခုတည်းသော နျူကလီးယား ဓာတ်ပေါင်းဖိုထားရှိရာ နေရာဖြစ်ပြီး ငါးမဂ္ဂါဝပ်ထုတ်လုပ်နိုင်စွမ်းရှိကာ နျူကလီးယားလက်နက်များ တီထွင်ရာတွင် အဓိကကုန်ကြမ်းပစ္စည်းဖြစ်သော ပလူတိုနီယမ်ရရှိရာ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည်။ ယမန်နှစ်က မြောက်ကိုရီးယားသည် ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကိုလည်း လွှတ်တင်ခဲ့သည်။