စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကွင်းလယ်ပိုင်းအား အင်အားဖြည့်တင်းမှုပြုလုပ်သွားရန် စီစဉ်နေပြီး ကစားသမား (၇)ဦးအား ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်း၏ ကြယ်ပွင့်ကွင်းလယ်လူ ဂါဗီအား ဒဏ်ရာကြောင့် ယခုရာသီကုန်ထိ လက်လွတ်ဆုံးရှုံးခဲ့ရသလို၊ အခြားကွင်းလယ်လူတစ်ဦးဖြစ်သည့် ပတ်ဒရီမှာလည်း ကြံ့ခိုင်မှုပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် ကွင်းလယ်ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ပြီး ပစ်မှတ်ကစားသမား (၇)ဦးထဲမှ အနည်းဆုံး (၂) ဦးခေါ်ယူသွားရန် စီစဉ်ထားကြောင်းသိရသည်။
ဘာစီလိုနာအသင်းသည် အင်္ဂလန်ကလပ်အသင်းများဖြစ်သည့် စပါးအသင်းမှ ဆယ်လ်ဆို၊ ဝက်စ်ဟမ်းအသင်းမှ ဆူချက်ခ်၊ လက်စတာအသင်းမှ အန်ဒီဒီ၊ လီဗာပူးလ်အသင်းမှ သီယာဂို၊ အီတလီကလပ်အသင်းများဖြစ်သည့် နာပိုလီအသင်းမှ ဇီလင်စကီး၊ ဂျူဗင်တပ်စ်အသင်းမှ ရာဘီယူနှင့် စပိန်ကလပ် ဘက်တစ်အသင်းမှ ဂိုင်ဒိုရိုဒရီဂွက်ဇ် အစရှိသည့် ကွင်းလယ်ကစားသမား (၇)ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဇန်နဝါရီအစောပိုင်းတွင် ဆွေးနွေးမှုများစတင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် အဓိက ကစားသမားများ၏ ဒဏ်ရာပြဿနာများ၊ ကြံ့ခိုင်မှုပြဿနာများနှင့်အတူ ခြေစွမ်းမတည်မငြိမ် ဖြစ်နေပြီးလာလီဂါတွင်ချန်ပီယံဆု ကာကွယ်နိုင်ရန်နှင့် ချန်ပီယံလိဂ်တွင် အနိမ့်ဆုံးဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရန်အတွက် အားဖြည့်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။