အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းနှင့်ပွဲမှ စွမ်းဆောင်ရည်မှာ ယခုရာသီအတွက် အဆိုးရွားဆုံးဖြစ်ပြီး ယင်းပုံစံမျိုးကစားပါက ချန်ပီယံဆုနှင့် နီးစပ်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) အဖြစ် ဒီဇင်ဘာ (၃၁) ရက်က ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ ပွဲအစ(၅)မိနစ်မှာပင် ဆာကာ၏သွင်းဂိုးဖြင့် ဦးဆောင်ခွင့်ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်ခွင့်ပြုကာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်းနှင့် ဖူလ်ဟမ်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ခြင်းဖြစ်ပြီး ခရစ္စမတ်နေ့တွင် ဇယားထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သော်လည်း ရှုံးပွဲဆက်မှုကြောင့် အဆင့် (၄)နေရာအထိ ရောက်ရှိသွားပြီဖြစ်သည်။
သို့ဖြစ်ရာ အာတီတာက ”တကယ်ခက်ခဲတဲ့နေ့၊ ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ (၃)ရက်မှာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ပွဲ ရှုံးနိမ့်ခဲ့တယ်။ ဒီနေ့က ဒီရာသီအတွက် အဆိုးရွားဆုံးပါပဲ။ အရှိန်အဟုန်၊ ခံစစ်နဲ့ တိုက်စစ်ကစားပုံရည်ရွယ်ချက် အဲဒီအပိုင်းတွေမှာ ကျွန်တော်တို့က ဒုတိယအကောင်းဆုံးပဲဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လွှမ်းမိုးထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘူး။ အဲဒီအချက်တွေကြောင့် အခုလိုဖြစ်ခဲ့တာပါ။ ဘောလုံးနဲ့ အတူကစားပုံက ပေါ့ပေါ့တန်တန်ဖြစ်နေတယ်။ အဲဒါက လုံလောက်မှုမရှိပါဘူး။ ကျွန်တော်တို့က အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒီဇင်ဘာ (၃၁) ရက်မှာ ဇယားထိပ်ဆုံးတက်ရောက်နိုင်ဖို့ အခွင့်အရေးရခဲ့တယ်။ အခုကတော့ တကယ်ကိုဆိုးရွားတဲ့ ခံစားချက်နဲ့ အဆုံးသတ်လိုက်ရပါပြီ။ ဘောလုံးဆိုတာ ဒါပါပဲ။ စည်းတွေက တကယ်ပါးပါးလေးပါ။ တခြား (၁၉) ပွဲမှာ ကစားခဲ့သလိုမျိုး ကျွန်တော်တို့ကစားရင် ရာသီကုန်မှာ ထိပ်ဆုံးနေရာရောက်နေပါလိမ့်မယ်။ ဒီနေ့ပုံစံမျိုး ကစားရင်တော့ နီးစပ်မှာတောင် မဟုတ်ဘူး။ ဒါက တကယ်ကို ခံစားရခက်တဲ့နေ့ပါပဲ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကလည်း ”ဒါက လက်ခံနိုင်ဖို့ အရမ်းခက်ပါတယ်။ ကျွန်တော်တို့ဆီက နောက်ထပ်တစ်ကြိမ် လုံလောက်မှု မရှိတာပါ။ ကျွန်တော်တို့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ဒီထက်ပိုပြီး တောင်းဆိုမှုတွေလုပ်ဖို့ လိုပါတယ်” ဟု ဆိုခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနေ့နောက်ပိုင်း ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ဦးဆောင်ဂိုးစတင်သွင်းယူပြီးနောက် (၄၈) ပွဲဆက် ရှုံးပွဲမရှိ (၄၂ ပွဲနိုင်၊ ခြောက်ပွဲသရေ) စွမ်းဆောင်ထားနိုင်သည့်မှတ်တမ်း ရပ်တန့်ခဲ့ရပြီဖြစ်သည်။
အာဆင်နယ်အသင်းသည် ဇန်နဝါရီ (၇) ရက်တွင် FA ဖလား တတိယအဆင့်အဖြစ် လီဗာပူးလ်အသင်းနှင့် အိမ်ကွင်း၌ ပွဲကျပ်ဆက်လက်ကစားရဦးမည်ဖြစ်သည်။