တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှစပြီး အမေရိကန်မှ ခရီးသွားများ အတွက် ဗီဇာလျှောက်ထားမှုများတွင် လိုအပ် သည့် အထောက်အထားများကို လျှော့ချပေးပြီး ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ပေးသွားမည်ဟု ဒီဇင်ဘာ ၂၉ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ တရုတ်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် COVID-19 ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့ရသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို ပြန် လည်မြှင့်တင်ရန်နှင့် ခရီးသွားကဏ္ဍကို အသက်သွင်းရန် တရုတ်၏ နောက်ဆုံးလှုပ်ရှားမှုတစ်ခု ဖြစ်သည်။
အမေရိကန်ရှိ ခရီးသွားဗီဇာလျှောက်ထားသူများအနေနှင့် ၎င်းတို့၏ လေယာဉ်လက်မှတ် ဘွတ်ကင်တင်ထားမှုများ၊ ဟိုတယ်တွင် စာရင်းပေးထားမှုများ သို့မဟုတ် ဖိတ်ကြားစာများကို တင်ပြရန်လိုအပ်တော့မည် မဟုတ်ကြောင်း တရုတ်သံရုံး၏ ကြေညာချက် တွင် ဖော်ပြခဲ့့သည်။
အစောပိုင်းကလည်း တရုတ်သည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှားပတ်စ်ပို့ ကိုင်ဆောင်သူများကို ဒီ ဇင်ဘာ ၁ ရက်မှစပြီး ဗီဇာမလိုဘဲ ဝင်ခွင့်ပေးကြောင်း ကြေညာခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ၁၂ လကြာ သတ်မှတ်ထားပြီး အဆိုပါ ခြောက်နိုင်ငံမှ ခရီးသွားများအနေဖြင့် ဗီဇာမလိုဘဲ တရုတ်တွင် ၁၅ ရက်ကြာ နေထိုင်နိုင်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် နိုဝင်ဘာလကလည်း တရုတ်သည် ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံစာရင်းကို ၅၄ နိုင်ငံအထိ တိုးမြှင့်ခဲ့သည်။
COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်၏ တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုအရေအတွက် ကျဆင်းခဲ့သည်။
ပြီးခဲ့သည့်နှစ်က တရုတ်သည် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် တရုတ်သို့ လာရောက်သည့် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်မြင့်တက်လာခဲ့သော်လည်း ကပ်ရောဂါမဖြစ်မီ ၂၀၁၉ ခုနှစ်ကနှင့် နှိုင်း ယှဉ်ပါက နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်ရောက်မှုသည် ၆၀ ရာခိုင်နှုန်းသာရှိခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်နှင့်တရုတ်အကြား ထိုင်ဝမ်အရေးမှအစ ကုန်သွယ်ရေးပြဿနာများအဆုံး ထိပ်တိုက် တွေ့မှုများဖြစ်ပွားခဲ့ပြီး ဆက်ဆံရေးများ တင်းမာခဲ့သည်။
သို့သော် ယခုနှစ်တွင် အမေရိကန်၏ ထိပ်သီးသံတမန်များသည် တရုတ်သို့ လာရောက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု လျော့ကျခဲ့သည်။
ထို့ပြင် နိုဝင်ဘာလကလည်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (APEC) ညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့အကြား သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း အမေရိကန်စစ်တပ်၏ ဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းနှင့် တရုတ်စစ်တပ်၏ ဗိုလ်ချုပ်ကြီးလွီကျန်လီတို့ ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ဆွေးနွေးခဲ့သည်။အမေရိကန်နှင့် တရုတ်အကြား ထိပ်သီးအဆင့် ကာကွယ်ရေးဆွေးနွေးမှုများ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘက်ထိပ်သီးအရာရှိများ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။