ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး နောက် မြောက်ဘက်ကမ်းရိုးတန်းတွင် အမြင့်တစ်မီတာကျော်ရှိသည့် ဆူနာမီလှိုင်း ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
အာဏာပိုင်များက ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး ငလျင်လှုပ်ခတ်ရာဒေသတွင် နေထိုင်သူများကိုလည်း ကုန်းမြင့် ဒေသများဆီသို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်းထားသည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၁ မိ နစ်က အိရှိကာဝါ စီရင်စုရှိ ၀ါဂျိမဆိပ်ကမ်းအား ၁ ဒသမ ၂ မီတာ(လေးပေ)အမြင့်ရှိသည့် လှိုင်းလုံးများ ရိုက်ပုတ်ခဲ့သည်ဟု ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိသည့် ဧရာမငလျင်ကြီးသည် ဆယ်မိနစ်ကျော်ကြာ လှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေတိုင်းတာလေ့လာရေးဌာန(USGS)နှင့် အခြားမိုးလေဝသဌာနများက ဆိုသည်။
ငလျင်ဗဟိုချက်အနီးရှိ အဓိကအဝေးပြေးလမ်းမများကိုလည်း ပိတ်ထားခဲ့သည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် အိရှိကာဝါ စီရင်စုရှိ ရှိခါ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် အခြားစက်ရုံများတွင် လက်ရှိအချိန်အထိ မူမမှန်သည့် အခြေအနေများ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဂျပန်အစိုးရပြောခွင့်ရ ယိုရှိ မာဆာဟာယာရှိက အတည်ပြုပြောကြားခဲ့သည်။