အီရန်သည် ၎င်း၏ရန်ဘက်ဖြစ်သည့် အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် လူလေးဦးကို ဒီဇင်ဘာ ၂၉ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း တရားစီရင်ရေးအဖွဲ့က ပြောကြားခဲ့သည်။
အီရန်အာဏာပိုင်များသည် အလားတူစွဲချက်ဖြင့် အမျိုးသားတစ်ဦးကို ကွပ်မျက်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်မီအချိန်မှာပင် နောက်ထပ်လူလေးဦးကို ထပ်မံကွပ်မျက်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့် ဆက်နွှယ်သည့် အဖျက်အမှောင့်လုပ်ငန်းများလုပ်သည့် အဖွဲ့တစ်ဖွဲ့ထဲမှ အဖွဲ့ဝင်လေးဦးကို ယခုနံနက်ပိုင်းတွင် အီရန်၏ အနောက်မြောက်ပိုင်း အနောက်အဇာဘိုင်ဂျန်ပြည်နယ်တွင် ကြိုးပေးကွပ်မျက်လိုက်ကြောင်း အီရန်တရားစီရင်ရေးအဖွဲ့၏ Mizan Online ဝက်ဘ်ဆိုက်တွင် ရေးသားဖော် ပြခဲ့သည်။
ကွပ်မျက်ခံရသူ လေးဦးအနက် ဗာဖာဟာနာရာ၊ အာရမ် အိုမာရီနှင့် ရာမန်ပါဟာဇိုတို့သည် အမျိုးသားများဖြစ်ပြီး နာစင် နာမာဇီသည် အမျိုးသမီးဖြစ်ကြောင်း၊ ၎င်းတို့အားလုံးသည် အစ္စရေးနှင့်ပူးပေါင်းပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် စစ်ပွဲဆင်နွှဲမှု၊ ကမ္ဘာမြေပေါ်တွင် စာရိတ္တပျက်စီးမှုစွဲချက်များဖြင့် သေဒဏ် ချမှတ်ခံခဲ့ရသူများဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအဖွဲ့သည် အစ္စရေး၏ ထောက်လှမ်းရေးအေဂျင်စီဖြစ်သည့် မော့ဆက်အဖွဲ့၏ လမ်းညွှန်မှုအောက်တွင် အီရန်၏ လုံခြုံရေးကို ဆန့်ကျင်သည့် ကြီးမားသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း Mizan ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အီရန်သည် အစ္စရေးကို အသိအမှတ်ပြုထားခြင်းမရှိဘဲ ထိုနှစ်နိုင်ငံသည် နှစ်ပေါင်းများစွာကြာ ထိပ်တိုက်တွေ့ခဲ့သည်။
ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်းက ဆီးရီးယားနိုင်ငံတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ထိပ်သီးဗိုလ် ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီးနောက် အီရန်ကအစ္စရေးကို လက်စားချေသွားမည်ဟု ပြော ကြားခဲ့သည်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများ လုပ်ဆောင်သည့် Quds တပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ရာဇီမူဆာဗီသည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီးတွင် အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဆီးရီးယားရှိ အီရန်နှင့် ဆက်နွှယ်မှုရှိသည့် ပစ်မှတ်များကို ရာနှင့်ချီ တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်တပ်ကမူ ပြည်ပမီဒီယာများ၏ သတင်းထုတ်ပြန်မှုများအပေါ် မှတ်ချက်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်ကလည်း အမျိုးသားတစ်ဦးသည် မော့ဆက်အဖွဲ့အတွက် အလုပ်လုပ်ပေးမှုဖြင့် နိုင်ငံ အရှေကတောင်ပိုင်း စစ္စတန်-ဘာလူချီစတန် ပြည်နယ်တွင် ကွပ်မျက်ခံခဲ့ရသည်။
အဆိုပါအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်း တရားစီရင်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ထိုအမျိုးသားသည် ရန်လိုသည့် အစ္စရေးအစိုးရအတွက် အကျိုးရှိစေမည့် ထောက်လှမ်းရေး ပူးပေါင်းဆောင် ရွက်မှုနှင့်ပူးပေါင်းကြံစည်မှုတို့ဖြင့် စီရင်ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း အီရန်သည် အစ္စရေးထောက်လှမ်းရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူလေးဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။
အစ္စရေးသည် အီရန်နျူကလီးယားစီမံကိန်းကို ပစ်မှတ်ထားပြီး အဖျက်အမှောင့်လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ပြုလုပ်နေကြောင်း အီရန်က စွပ်စွဲထားသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့များကမူ အီရန်သည် တရုတ်နိုင်ငံမှလွဲ၍ အခြားနိုင်ငံများအားလုံးထက် နှစ်စဉ်စီရင်ကွပ်မျက်မှု ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။