ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကျန်းမာရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အရေးတကြီးလုပ်ဆောင်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြော ကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငွေကြေးအကူအညီများကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။
ဆူဒန်တွင် တိုက်ပွဲများကြောင့် ဒေသဆိုင်ရာ ကျန်းမာရေး အဆောက်အအုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိကြောင်းWHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂေဘရီယေဆုက ပြောကြားခဲ့သည်။
ဆူဒန်တွင် ဧပြီ ၁၅ ရက်ကတည်းက စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ် ဘာဟန်နှင့် အရန်တပ်ဖွဲ့(RSF) ၏ တပ်မှူး မိုဟာမက်ဟမ်ဒန် ဒါဂလိုတို့အကြား သဘောထားကွဲလွဲမှုများကြောင့် စစ်ပွဲစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ဆူဒန်၏ မြို့တော်ခါတွန်တွင် တိုက်ပွဲများပြင်းထန်သေဖြင့် လူပေါင်း ၅ သိန်းကျော်သည် ခါတွန်မြို့တော်တောင်ပိုင်း အယ်လ်ဂျာဇီးယားပြည်နယ်တွင် ခိုုလှုံနေထိုင်ခဲ့သည်။
သို့သော် ယခုလအတွင်း အရန်တပ်ဖွဲ့ဝင်များသည် ထိုပြည်နယ်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသဖြင့် စစ်ဘေးရှောင် ၃၀၀၀၀၀ ကျော်သည် နောက်ထပ်တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
လူပေါင်းသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် အတူလူသားချင်းစာနာထောက်ထားမှုနှင့် ကျန်းမာရေးအကျပ်အတည်းများ နက်ရှိုင်းစွာဖြစ်ပွားနေချိန်တွင် ဆူဒန်၏ပဋိပက္ခကို ရပ်တန့်ပြီး ပုံမှန်အခြေအနေပြန်ဖြစ်အောင် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း တက်ဒရိုက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
ဆူဒန်နိုင်ငံတွင် ပဋိပက္ခများကြောင့် လူပေါင်းခုနစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်းကုလသမဂ္ဂက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ပြီး ထိုအရေအတွက်သည်ထပ်မံမြင့်တက်လာနိုင်ခြေရှိသည်ဟု ဆိုသည်။
“နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့(IOM)ရဲ့ ထုတ်ပြန်ချက်အရ အယ်လ်ဂျာဇီးယား ပြည်နယ်က ဝက်မာဒီနီ မြို့မှာ လူပေါင်း ၃၀၀၀၀၀ အထိ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်”ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က ပြောကြားခဲ့သည်။
နောက်ထပ်လူပေါင်း ၁ ဒသမ ၅ သန်း ကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ဒူဂျာရစ်က ထပ်လောင်းပြောကြားခဲ့သည်။
“အဲဒီလို ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် ဆူဒန်ရဲ့ အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အရေအတွက်ဟာ ၇ ဒသမ ၁ သန်းရှိလာခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး အိမ်ပစ်ရာပစ်ထွက်ပြေးမှု အကျပ်အတည်းဖြစ်လာပါတယ်”ဟု ဒူဂျာရစ်က ပြောကြားခဲ့သည်။
ဆူဒန်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာဒေသများရှိ ဆေးရုံများ၏ ၇၀ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘဲ ပဋိပက္ခမဖြစ်ပွားသည့် ပြည်နယ်များရှိ ဆေးရုံများတွင်လည်း အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ရသူ အများအပြားဝင်ရောက်လာသဖြင့် ဝန်ပိလျက်ရှိသည်။
အယ်လ်ဂျာဇီးယားပြည်နယ်၏ ဝက်မာဒီနီမြို့တော်တွင် တိုက်ခိုက်မှုများဖြစ်ပွားလာသဖြင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC)သည် ယခုလလယ်ပိုင်းက ၎င်း၏ ဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။