နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို တစ်ရက်တာပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များထံ စာပေးပို့ထားကြောင်း သိရသည်။
အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များထံ ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် ပေးပို့ထားမှုတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် ယင်းညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်(၄၄)မြို့နယ်တွင် ညမထွက်ရအမိန့်ကို ယခင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှစပြီး နံနက်(၁)နာရီမှ (၃)နာရီအထိ ပြင်ဆင်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတကာနှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် (Count Down Party)ကို ပြုလုပ်ရန် စီစဉ်ထားသဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်(၁)နာရီမှ (၃)နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို တစ်ရက်တာ ပယ်ဖျက်ခွင့်ပြုကြောင်းသိရသည်။
ရန်ကုန်တိုင်ဒေသကြီးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ” ဟုတ်ပါတယ်။ နှစ်သစ်ကူးနေ့ တစ်ရက်အတွက်ပဲ ညမထွက်ရအမိန့်ကို ခဏ ရုတ်သိမ်းထားတာပါ ” ဟု ပြောကြားခဲ့သည်။