စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဘရိုက်တန်အသင်းအား (၂-၄) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ယင်းရှုံးပွဲမှ သင်ခန်းစာယူကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက် (ကြာပတေးနေ့)က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ၌ စပါးအသင်းသည် အဝေးကွင်းတွင် ဘရိုက်တန်အသင်းကို (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းသည် အဆိုပါပွဲစဉ်တွင် ဘရိုက်တန်အသင်းကို (၀-၄) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် ဗီလစ်ဇ်နှင့် ပွဲချိန် ၈၅ မိနစ်တွင် ဘင်ဒေးဗီးစ်တို့၏ သွင်းဂိုးများကြောင့် ချေပဂိုးနှစ်ဂိုး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
ဆွန်ဟောင်မင်က ၎င်းတို့အသင်းအနေဖြင့် ရည်မှန်းထားသည့်အတိုင်း မကစားနိုင်ခဲ့ကြောင်းနှင့် အသင်း၏စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းကြောင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်က “ရာသီအစက ကျွန်တော်တို့ ရည်မှန်းထားတာနဲ့ အခုဖြစ် နေတာတွေက လွဲနေပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ အရင်က စွမ်းဆောင်ခဲ့သလိုမျိုး ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာတွေ အမှားလုပ်ခဲ့တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကစားနေရတဲ့ အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့အနေနဲ့ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးပြီး အပြစ်တင်နေလို့ မရပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆွန်ဟောင်မင်က အသင်းကစားသမားများအနေဖြင့် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ၎င်းတို့အသင်းအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်ကြောင်းလည်း ပြောကြားသည်။ “ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ ဘရိုက်တန်အသင်းကို ကစားခဲ့တဲ့ ပွဲချိန်နောက်ဆုံး ၁၅ မိနစ်ကအတိုင်း ကစားနိုင်ဖို့ လိုပါတယ်။ အဲဒီလို မကစားနိုင်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် ရုန်းကန်နေရဦးမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့အသင်းအတွက် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်က ကျွန်တော်တို့နဲ့ မတူအောင်ကို ညံ့ဖျင်းခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကနေ သင်ခန်းစာယူဖို့ လိုပါတယ်”ဟု ဆွန်ဟောင်မင်က ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကမူ ဘရိုက်တန်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းတွင် ဒဏ်ရာရကစားသမား များပြားနေခြင်းနှင့် ပွဲများဆက်တိုက် ကစားရခြင်းကြောင့် ပွဲပန်းခြင်းတို့ကို ဆင်ခြေပေး ပြောကြားခဲ့သည်။ ပိုစတီကိုဂလူးက “ကျွန် တော်တို့အသင်းမှာ ဒဏ်ရာရကစားသမား ၁၀ ဦးအထိ ရှိနေပါတယ်။ ဒီလိုအနေအထားမှာ ပွဲတွေဆက်တိုက်ကစားနေရပြီး ပွဲစဉ်တိုင်း ရလဒ်ကောင်းအောင် စွမ်းဆောင်ဖို့ဆိုတာက အရမ်းကို ခက်ခဲပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပွဲတွေဆက်တိုက် က စားနေရတာကြောင့် အသင်းကစားသမား တွေဟာ ပွဲပန်းမှုဒဏ်တွေကို ခံစားနေရပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသင်းအတွက် အစွမ်းကုန်ကြိုးစားကစားခဲ့ကြတာပါ။ သူတို့ဆီကနေ ကျွန်တော်တို့ တောင်းဆိုနိုင်တာလည်း ဒီလောက်ပါပဲ။ ကစားသမားတွေဟာ သူတို့ရဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲပန်းမှုဒဏ်ကို ခံစားနေရတာ ကြောင့် ဘရိုက်တန်အသင်းကို ယှဉ်မကစားနိုင်ဘဲ အခုလို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။