အိုင်ယာလန်နာမည်ကြီး MMA ကစားသမား မက်ဂရီဂေါ်သည် ပြီးခဲ့သည့်စနေနေ့ က ပြုလုပ်ခဲ့သော Day of Reckoning လက်ဝှေ့ပွဲတော်တွင် ပေါ်တူဂီနာမည်ကျော် ဘောလုံးသမား စီရော်နယ်လ်ဒို၊ ဆော်ဒီအကြံပေး တာ့ခ်အလာရှစ်တို့နှင့်အတူ ထိုင်နေ သည့်ပုံကို Instagram တွင် တင်ရှိကာ အရေးပါသောကြေညာချက်များ မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဂရီဂေါ်သည် ရှေ့ဆုံးတွင် စီရော်နယ်လ်ဒိုနှင့် အတူထိုင်ကာ လက်ဝှေ့ပွဲကို ကြည့်ရှုခဲ့ကြပြီး သူ၏စကားများမှုကြောင့် စီရော်နယ်လ်ဒို စိတ်ပျက်နေသည့် ပုံရိပ်များကလည်း လူမှုကွန်ရက်တွင် ပရိသတ်များအတွက် လှောင်ရယ်စရာ ဖြစ်ခဲ့သည်။
ယင်းပွဲတော်တွင် မက်ဂရီဂေါ်ကို သူ၏အနာဂတ်လက်ဝှေ့ပွဲများနှင့် ၀ိတ်တန်းရှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း ပက်ကီယောင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် ထိုးသတ်နိုင်ခြေ ရှိ၊ မရှိကို အင်တာဗျူးတစ်ခု၌ မေးမြန်းခဲ့သည်။ သို့သော် မက်ဂရီဂေါ်က Octagon သို့ပြန်လာရန်အတွက် UFC နှင့် မည်သည့်ဆွေးနွေးမှုမျှ မရှိသေးကြောင်း၊ ပက်ကီယောင်းနှင့်မူ ကနဦးဆွေးနွေးမှု ပြု လုပ်နေကြောင်း တုံ့ပြန်ခဲ့သည်။
မက်ဂရီဂေါ် သည် ၂၀၂၁ ခုနှစ်က ဒပ်စတင်ပိုရီယေးနှင့် UFC264 ပွဲတွင် နောက်ဆုံးထိုးသတ်ခဲ့ပြီး ယင်းပွဲအတွင်း ခြေထောက်ကျိုးမှုကြောင့် ပွဲကို အရှုံးပေးခဲ့ရသည်။ ၎င်းအနေဖြင့် လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းမှုကို စတင်နေပြီး Octagon သို့ပြန်လာရန် ပြင်ဆင်လျက်ရှိသည်။
လာမည့်နှစ်၌ပြုလုပ်မည့် UFC 300 ပွဲစဉ်တွင် မိုက်ကယ်ချန်ဒလာနှင့် ထိုးသတ်ဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ မက်ဂရီဂေါ်အနေဖြင့် UFC ပွဲ ပြန်လည်ထိုးသတ်ခွင့်မရလျှင် လက်ဝှေ့ပွဲ ထပ်မံထိုးသတ်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။