၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
လာအိုနိုင်ငံ ဗီယင်ကျင်းမြို့၌ ဒီဇင်ဘာ ၂၅ ရက်က ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စီမံကိန်းအား လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးကို အထူးအလေးထားကြောင်း၊ မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC) နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် ငါးနှစ်ကျော်သက်တမ်းကာလအတွင်း သိသာထင်ရှားသော လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။
ယခင်လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း သုံးခုမှ လေးခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိသည်ကို သိရှိရကြောင်း၊ မဲခေါင်မြစ်စီမံကိန်းတစ်ခုလျှင် ၅၀၀ မဂ္ဂါဝပ်နှင့်အထက် တည်ဆောက်အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်ဆန်စွာပြီးမြောက်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံများအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုလည်း အားပေးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း၏ FSR ပြီးစီးမှုနှင့် FSR အပေါ် စိစစ်သုံးသပ်ချက်များအရ နည်းပညာနှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့်အပေါ် မူတည်၍ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးကို နှစ်နိုင်ငံအစိုးရများထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မည်ဖြစ်၍ သက်ဆိုင်ရာကုမ္ပဏီများက FSR မြန်ဆန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လာအိုနိုင်ငံအစိုးရ၏ ခိုင်မာသောထောက်ခံအားပေးမှုများကို အပြည့်အဝ အသိအမှတ်ပြုကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်သည်များအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။