နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်း အဝေးကို ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)၏ သဘောတူခွင့်ပြုချက်အရ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါ ကြောင်း၊ ထုတ်ပြန်ထားသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် ငွေစာရင်းထိန်းသိမ်း ထားရှိရမည့် စာရင်းဇယားပုံစံများကို စနစ်တကျမှတ်တမ်း ထားရှိနိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများရှိ သက်ဆိုင်ရာ တာဝန်ခံ များကို Online စနစ်ဖြင့် သင်တန်း (၂) ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုအစည်းအဝေးတွင် ချေးငွေရယူထားသူများအနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် မှုကြောင့် နွားမွေးမြူရေး လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းတို့တွင် ပျက်စီးဆုံးရှုံးမှုများအပေါ် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာမှုအပေါ် တွင်လည်း ရန်ပုံငွေဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသည့် အားသာချက်၊ အားနည်းချက်များ၊ အကြံပြုတင်ပြချက်များကိုအခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့်အခက်အခဲများ ကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ က လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။