ယီမင်၏ အီရန် ကျောထောက်ခံပြုထားသော ဟူသီရ်သူပုန်များက ဂါဇာနှင့်တစည်း တလုံးတည်းရှိကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီ၌ သင်္ဘောတစ်စီးကို ဒုံးကျည် ဖြင့်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံဘက်သို့ လည်းဒရုန်းများပစ်လွှတ်ကာ တိုက်ခိုက်ခဲ့သည် ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ဟူသီရ်က ထုတ်ပြန်ခဲ့သည်။
ဟူသီရ်သူပုန်များက ၎င်းတို့သည် ပင်လယ်နီတွင် MSC UNITED ဆိုသည့် ကုန်သင်္ဘောတစ်စီးကို ပစ်မှတ်ထား စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အစ္စရေးတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်များကိုလည်း ဒရုန်းအများအပြား ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုများသည် အောက်တို ဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးကတည်းက ဟူသီရ်သူပုန်များက ဒရုန်းများ၊ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်မှုများစွာထဲက နောက်ဆုံးတိုက်ခိုက်မှုများဖြစ် သည်။
ယီမင်၏ ဟူရ်သီနှင့် လက်ဘနွန်၏ ဟစ်ဇဘိုလာတို့အပါအဝင် အီရန်လက်ဝေခံအုပ်စုများသည် ဂါဇာကမ်းမြောင်တွင် အစ္စရေး နှင့်ဟားမာ့စ်တို့ စစ်ပွဲစတင်ကတည်းက အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြသည်။
နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် ယီမင်နိုင်ငံ၏နယ်မြေအများစုကို ထိန်းချုပ်ထားသော ဟူရ်သီသည် ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းသော နိုင်ငံတကာ သင်္ဘောများကို လွန်ခဲ့သောလကတည်းက ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်တွင် အစ္စရေးလုပ်ဆောင်နေသော ထိုးစစ်ကို တုံ့ပြန်မှုဖြစ်သည်ဟု ဟူသီရ်က ပြောကြားထားသည်။
ယီမင်အရှေ့ကမ်းရိုးတန်းပေါ်က ဟိုဒေဒါဆိပ်ကမ်းအနီး၌ ပေါက်ကွဲသံများကိုကြားရပြီး ဒုံးကျည်များကို မြင်လိုက်ရသည်ဟု ယူကေရေကြောင်း ကုန်သွယ်မှု စစ်ဆင်ရေးများအဖွဲ့(UKMTO) က ဒီဇင်ဘာ ၂၆ ရက် စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဖြတ်သန်းသွားသော သင်္ဘောတစ်စီးနှင့်ယင်းသ င်္ဘော၏အမှုထမ်းများသည် ဘေးကင်းသည်ဟု UKMTO က ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
သင်္ဘောသည် နောက်ပိုင်းတွင် ရေကြောင်းခရီးကို ဆက်လက်ခုတ်မောင်းသွားခဲ့သည်ဟု ဆိုသည်။ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုများမရှိသလို သင်္ဘောပေါ်က အမှုထမ်းများ ထိခိုက်ဒဏ်ရာရခြင်းမရှိဟု UKMTO က ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက် စောစောပိုင်းတွင် အခြားပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဗြိတိန်ရေကြောင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရပြီး ဟိုဒေဒါအနီးတွင် သင်္ဘောတစ်စီးကို ထိမှန်ခဲ့သည်ဟုဆိုသည်။
ပေါက်ကွဲသံများကို ဒီဇင်ဘာ ၂၆ ရက် တွင် အီဂျစ်၏ဆင်နိုင်းကျွန်းဆွယ် အရှေ့ကမ်းရိုးတန်း၌ ကြားရသည်ဟု အီဂျစ်အစိုးရနှင့် ဆက်စပ်နေသော မီဒီယာက ဖော်ပြခဲ့သည်။ မိမိတို့သည် ပင်လယ်နီတွင် ဝေဟင်မှ ပျံလာ သောဒရုန်းများကို ကြားဖြတ်ပစ်ချခဲ့သည်ဟု နောက်ပိုင်းတွင်အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
“လေတပ် ဂျက်တိုက်လေယာဉ်ဟာ အစ္စရေးပိုင်နက်ဘက်ကိုလာနေတဲ့ ရန်သူရဲ့ ဝေဟင်ပစ်မှတ်ကို ပင်လယ်နီဒေသမှာ ယနေ့ စောစောပိုင်းက အောင်မြင်စွာ ကြားဖြတ်ပစ်ချခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။
ပေါက်ကွဲမှုများသည် အီဂျစ်ပင်လယ်ကမ်းစပ်မြို့ ဒါဟက်မှ နှစ်ကီလိုမီတာအကွာတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု အစ္စရေးထောက်လှမ်းရေးအဖွဲ့နှင့် အဆက်အသွယ်ရှိထားသော အယ်လ်-ကာဟီရာ သတင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ဒါဟက်သည် ယီမင်သူပုန်တို့အတွက် အနီးဆုံး ပစ်မှတ်ဖြစ်သော အစ္စရေး တောင်ဘက်ဖျားပေါ်ရှိ အေးလတ်မြို့၏တောင်ဘက် ၁၂၅ ကီလိုမီတာခန့်တွင် တည်ရှိသောမြို့ဖြစ်သည်။