လူ ၂၀,၀၀၀ ကျော်သေဆုံးထားသည့် ဂါဇာကမ်းမြောင်၏အတွင်းပိုင်းတွင် အစ္စရေး စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသောကြောင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် နောက်ထပ်လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေး စစ်တပ်အကြီးအကဲက သတိပေးခဲ့သည်။
အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တရိပ်ရိပ်မြင့်တက်လာခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများက တိုက်ပွဲများ ရပ်ရန်တောင်းဆိုမှုများကို မြင့်တက်လာစေခဲ့သည်။ ထို့အပြင် အီရန် ကျောထောက်နောက် ခံပြုထားသာအုပ်စုများကလည်း ဟားမာ့စ် နှင့်အတူရပ်တည်ကြောင်း ပြသသည့်လုပ်ရပ်များက ပိုမိုကျယ်ပြန့်သောဒေသဆိုင်ရာ ပဋိပက္ခနှင့်ပတ်သက်၍ စိုးရိမ်မှုများကို မီးလောင်ရာလေပင့်ဖြစ်စေသည်။
အစ္စရေးခေါင်းဆောင်များကလည်း ဟားမာ့စ်ကို ချေမှုန်းပြီးချိန်အထိ အစ္စရေး ထိုးစစ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြသည်။ ယင်းသို့သော အနေအထားတွင် အစ္စရေးစစ်တပ်အကြီးအကဲ ဟာဇီဟာလီဗီက စစ်ပွဲသည် မြန်မြန်အဆုံး သတ်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
“ဒီစစ်ပွဲရဲ့ရည်မှန်းချက်တွေဟာ အရေးကြီးပါတယ်။ လွယ်လွယ်နဲ့ အောင်မြင်မှာမဟုတ်ပါဘူး”ဟု ဒီဇင်ဘာ ၂၆ ရက်ညပိုင်းတွင် ဟာလီဗီက ပြောကြားခဲ့သည်။
“ဒါကြောင့် စစ်ပွဲဟာ နောက်ထပ်လ ပေါင်းများစွာ ကြာမြင့်နေပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို အကြီးအကျယ် စီးနင်းတိုက်ခိုက်ခြင်းက ပြင်းထန်သောစစ်ပွဲကိုဖြစ်ပွားစေခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရက ထုတ်ပြန် သောကိန်းဂဏန်းများအရ သိရသည်။ ပြန်ပေးဆွဲခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးက ပြောကြားသည်။
သီတင်းပတ် ၁၁ ပတ်ကျော်ကြာမြင့် လာပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၀,၉၁၅ဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးများ နှင့်အမျိုးသမီးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ အဝိုင်းခံရပြီးကတည်းက ဂါဇာပြည်သူ ၂ ဒသမ ၄ သန်းသည် ရေ၊ အစားအသောက်၊ လောင်စာ၊ ဆေးဝါး ပြတ်လပ်မှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်။
ယင်းသို့သော အနေအထားတွင် အကန့်အသတ်ရှိသောအကူအညီများသာဂါဇာကို ရောက်ရှိလာခဲ့သည် ခန့်မှန်းခြေဂါဇာ ပြည်သူ ၁ ဒသမ ၉ သန်းသည် နေရပ်စွန့်ခွာခဲ့ကြရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
စစ်ဘေးရှောင် အများအပြား ခိုလှုံလျက်ရှိသော ဂါဇာတောင်ပိုင်းမြို့ကြီး ရာဖာ၌ ဒီဇင်ဘာ ၂၆ ရက်တွင် လူရာပေါင်းများစွာသည် အဗ္ဗဒူလ်ဆာလမ်ယာဆင် ရေရောင်းချသောကုမ္ပဏီကို ရောက်ရှိလာကြပြီး ရေသန့် ရရှိရန် တန်းစီခဲ့ကြသည်။