ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများ ကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ ပြီး အိမ်ထောင်စုပေါင်းသောင်းချီရေဘေးသင့်ခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက်က စတင်ခဲ့သောရေ ကြီးမှုများသည် စထွန်း၊ ဆောင်ခလာ၊ပတ်တနီ၊ ရာလာနှင့် နာရာသီဝက်ပြည်နယ်တစ်ဝန်းရှိ နေအိမ် ၇၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။
နာရာသီဝက်တွင်အသက် ၈၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် လူခြောက်ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူး ပရီချာနူအယ်နွိုင်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။
အချို့နေရာများတွင် မိုးရေချိန် သုံးမီတာ အမြင့်ထိ ရောက်ရှိခဲ့သော ရေကြီးမှုများကို ဖြစ်စေသည့် ရက်ပေါင်းများစွာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီးနောက် နောက်ထပ်လူတစ်ဦးပျောက်ဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ဒေသခံမီဒီယာတွင် ဖော်ပြထားသော ရုပ်သံမှတ်တမ်းများအရ လမ်းများတွင် ရွှံ့ရေများဖြင့် ဖုံးလွှမ်းနေပြီး ဒေသခံများသည်ခေါင်မိုးများပေါ်တွင် ခိုလှုံနေထိုင်နေရကြောင်း တွေ့ရှိခဲ့သည်။
ယာလာနှင့် နာရာသီဝပ်ပြည်နယ်များရှိ ဒါဇင်နှင့်ချီသည့် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရပြီး ဗီဒီယိုမှတ်တမ်းများအရ ထိုဒေသရှိ လူနေအိမ်များနှင့် စျေးဆိုင်များအတွင်းသို့ ရွှံ့ရေများဝင်ခဲ့သဖြင့် ဒေသခံ များသည် ရေဘေးလွတ်သည့် အပေါ်ထပ်များသို့ ရွှေ့ပြောင်းနေထိုင်နေရပုံများကို ဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များက သောက်ရေများနှင့် မုန့်များကို လိုက်လံဝေငှပေးနေပြီး အဆောက်အအုံများတွင် အပျက်အစီးနှင့်လူအသေအပျောက်များကို လိုက်လံစစ်ဆေးနေသည်။
“ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှာ ရေကျသွားပါတယ်”ဟု ထိုင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးသက်သာ စေရေးဌာနကက ပြောကြားခဲ့သည်။
ရထားလမ်းများ ကျွံဝင်မှုကြောင့်ရက်ပေါင်းများစွာ ပိတ်ထားခဲ့ပြီးနောက် မလေးရှားနယ်စပ်အနီးရှိ နာရာသီဝက်ပြည်နယ်တွင် မီးရထားဝန်ဆောင်မှုအချို့ကို ပြန်လည်လုပ်ဆောင်ခဲ့သည်ဟု ပရီချာကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင်ကျယ်ကျယ်ပြန့်ပြန့် ရေကြီးမှုကြောင့် လူပေါင်းရာချီသေဆုံးခဲ့ပြီး နေအိမ်ပေါင်းသန်းချီပျက်စီးခဲ့သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လက်ရှိဖြစ်ပွားနေသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့ အချို့နေရာဒေသများ တွင်မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် အချို့နေရာများတွင် မိုးခေါင်မှုများကို ဖြစ်ပွားစေ သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ကလည်း အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် ဧပြီလအထိ ဖြစ်ပွားဖွယ်ရှိသည်ဟု ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇူလိုင်နှင့် သြဂုတ်အကြား လျင်မြန်စွာ ဖြစ်ပွားခဲ့သည့် လက်ရှိ အယ်နီညိုရာ သီဥတုဖြစ်စဉ်သည် ယခုလနှင့် ဇန်နဝါရီလအကြား အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိနိုင်သည်ဟု WHO က ပြောကြားခဲ့သည်။
“အယ်နီညိုဖြစ်စဉ်ဟာ ကမ္ဘာ့မြောက်ခြမ်းဒေသမှာ လာမယ့် ဆောင်းရာသီ၊ ကမ္ဘာ့တောင်ခြမ်းဒေသမှာ လာမယ့်နွေရာသီ တောက်လျှောက် ဆက်လက်ဖြစ်ပွားနေပါလိမ့်မယ်”ဟု WMO က နောက်ဆုံးထုတ်ပြန်သည့် သတင်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။