မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရားမဝင်ဆိုက်ဘာ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက မြောက်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီအကြီးအကဲကို ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြား ခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများချမှတ်ခံထားရပြီး ခေါင်းဆောင်ကင်ဂျုံအွန်လက်ထက်တွင် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းသည် တစ်ဟုန်ထိုးတိုးတက်မှုရရှိခဲ့သည်။
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ ဆိုက်ဘာရာဇဝတ်မှု၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့် ငွေကြေးခဝါ ချမှု လှုပ်ရှားချက်များကို ဖြေရှင်းရန် သုံးပွင့်ဆိုင် အစီအစဉ်သစ်များကို လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တောင်ကိုရီးယား၏ ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ အထွေထွေထောက်လှမ်းရေးဗျူရို၏ အကြီးအကဲ ရီချန်ဟိုသည် တရားမဝင်ဆိုက်ဘာလှုပ်ရှားမှုများ နှင့် နည်းပညာ ခိုးယူမှုများမှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ရရှိမှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ပိတ်ဆို့မှုချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန် ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
၎င်း၏ လှုပ်ရှားမှုများသည် မြောက်ကိုရီးယား အစိုးရနှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် ငွေကြေးများ အထောက်အကူရရှိစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ရီ ဦးဆောင်သည့် ထောက်လှမ်းရေး အေဂျင်စီသည် မြောက်ကိုရီးယား ဟက်ကာ အဖွဲ့များဖြစ်သည့် Kimsuky ၊ Lazarus နှင့် Andariel အဖွဲ့များကို ချုပ်ကိုင်သည့် ပင်မအဖွဲ့အစည်းဖြစ်သည်ဟု ယူဆခံထားရသည်။
တောင်ကိုရီးယားသည် ရီအပြင် တရုတ်နိုင်ငံအခြေစိုက် သံတမန်ဟောင်း ယွန်ချောလ်အပါအဝင် အခြားမြောက်ကိုရီးယား နိုင်ငံသားခုနစ်ဦးကိုလည်း ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားသည့် နျူကလီးယားနှင့် ဆက်နွှယ်သည့် သတ္တုတစ်မျိုးဖြစ်သည့် lithium-6 ကို ကုန်သွယ်မှုတွင် ပါဝင်ပတ် သက်မှုဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
အမည်ပျက်စာရင်းသွင်းခံခဲ့ရသူများသည် တောင်ကိုရီးယားအစိုးရ၏ ခွင့်ပြုချက်မပါဘဲ တောင်ကိုရီးယားနိုင်ငံသားများနှင့် ငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်ခွင့် တားမြစ်ခံခဲ့ရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ယခုအချိန်အထိ တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၈၃ ဦးနှင့် အဖွဲ့အစည်း ၅၃ ခုကို အမည်ပျက်စာရင်းသွင်းခဲ့ ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအချိန်အတော်အတွင်း မြောက်ကိုရီးယားသည် အာဏာရပါတီ၏ နှစ်ကုန်ပိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက်က စတင်ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအွန်လည်း တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သ တင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ထိုအစည်း အဝေးတွင် ၂၀၂၄ ခုနှစ်အတွက် မြောက်ကိုရီးယား၏ အဓိကမူဝါဒများကို ကြေညာဖွယ်ရှိသည်။