ဒီဇင်ဘာ ၂၅ ရက်တွင် ဆီးရီးယားမြို့တော် ဒမတ်စကတ်အပြင်ဘက်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုက အီရန်တော်လှန်ရေးအစောင့်တပ်၏အကြီးတန်းအကြံပေးကို သေဆုံးသွားစေသည်ဟု သတင်း အရင်းအမြစ်သုံးခုကလည်းကောင်း၊ အီရန်အစိုးရမီဒီယာကလည်းကောင်း ပြောကြားခဲ့သည်။
ဆေယက်ရာဇီမူဆာဗီဆိုသည့် အကြံပေးသည် ဆီးရီးယားနှင့်အီရန်စစ်ရေး မဟာမိတ်ကို ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်ကိုယူထားသူဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ရိုက်တာကိုပြောကြားခဲ့သည်။
အီရန်အစိုးရရုပ်သံသည် မူဆာဗီသေဆုံးသွားသည့်သတင်းကို ကြားဖြတ်ထုတ်လွှင့်ပေးခဲ့ပြီး မူဆာဗီသည် ဆီးရီးယားတွင် အီရန်တော်လှန်ရေး အစောင့်တပ်၏သက်တမ်းအရင့်ဆုံးအကြံပေး တစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ၌သေဆုံးသွားသော အစောင့်တပ် ထိပ်တန်းတပ်ဖွဲ့ အကြီးအကဲကာဆမ်ဆိုလေမာနီနှင့်အတူ လိုက်ပါသွားသူများထဲတွင် ၎င်းသည်တစ်ဦး အပါအဝင်ဖြစ်သည်။
မူဆာဗီ လုပ်ကြံခံရခြင်းသည် အစ္စရေး၌ အားနည်းချက်ရှိနေသည်ကိုဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အီရန်သမ္မတအီဗရာဟင် ရိုင်ဆီက ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ အစ္စရေးအစိုးရရဲ့စိတ်ပျက်မှုနဲ့အားနည်းချက်ရှိနေ တဲ့လက္ခဏာဖြစ်ပါတယ်။တန်ရာတန်ကြေးကို သေချာပေါက် ပေးဆပ်ရပါလိမ့်မယ်”ဟု ရိုင်ဆီ၏ပြောစကားကို အီရန်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။
အစောင့်တပ်၏ဗိုလ်မှူးချုပ်ရာထူးကို ထမ်းဆောင်နေသော မူဆာဗီကို လုပ်ကြံသည့်အတွက် အစ္စရေး ခံစားရလိမ့်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။
“အစ္စရေးအစိုးရဟာ ဒီရာဇဝတ်မှုအတွက်ပေးဆပ်ရလိမ့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး”ဟု အစိုးရရုပ်သံကဖတ်ကြားသော ထုတ်ပြန်ချက်တွင်အစောင့်တပ်က ဖော်ပြထားသည်။
မူဆာဗီ အသတ်ခံရသည်ကို သူရဲဘောကြောင်သောလုပ်ရပ်အဖြစ် ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အုပ်စုကရှုတ်ချခဲ့ပြီး မူဆာဗီသည် ဒေသတွင်းတော်လှန်ရေးကိုပံ့ပိုးရာတွင် အဓိက အခန်းကဏ္ဍက ပါဝင်သူဖြစ်ပြီး ပါလက်စတိုင်းပြည်သူများနှင့်၎င်းတို့၏အရေးကိုလည်း ပံ့ပိုးပေးနေသူဖြစ်သည်ဟု ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်ထံမှ ချက်ချင်းမှတ်ချက် ပေးခြင်းမရှိပေ။
အစ္စရေးသည် ဆီးရီးယားတွင် အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ နှစ်ချီကြာ မြင့်နေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွား ခဲ့သောဆီးရီးယားပြည်တွင်းစစ်၌ အီရန်က သမ္မတဘာရှာအယ်အာဆက်ကိုထောက်ခံခဲ့ပြီးကတည်းက ဆီးရီးယားတွင်အီရန်၏ သြဇာသည် ကြီးထွားလာသည်။
ဒီဇင်ဘာလအစောပိုင်းတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ဆီးရီးယားနိုင်ငံ၌ စစ်ရေးအကြံပေးများအဖြစ် ထမ်းဆောင်နေသော အီရန်တော်လှန်ရေးအစောင့်တပ်သားနှစ်ဦး သေဆုံးသွားသည်ဟု အီရန်က ပြောကြားခဲ့သည်။
အီရန်သည် ဆီးရီးယားပြည်တွင်းစစ်၌ ဆီးရီးယားအစိုးရကို အကူအညီပေးရန် အီရတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့မှ ရှီးအိုက်ပြည်သူ့စစ်အဖွဲ့များမှ တိုက်ခိုက်ရေးသမားရာပေါင်းများစွာကို စုဆောင်ခြင်း၊ သင်တန်းပေးခြင်းတို့ကို အကူအညီပေးရေးအတွက် အကြံပေးများအဖြစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် ရာဂဏန်းကို ဆီးရီးယားသို့ စေလွှတ်ခဲ့သည်။
ထို့အပြင် လက်ဘနွန်၏ဟစ်ဇဘိုလာအဖွဲ့မှ တိုက်ခိုက်ရေးသမားများသည်လည်း ဆီးရီးယားတွင် အီရန်တပ်မှူးများနှင့်အတူ အနီးကပ်ဆောင်ရွက်နေသည်ဟု သိရသည်။