အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် အပူလှိုင်းနှင့် ပြင်းထန်ဆိုးရွားသည့် မိုးလေဝသ အခြေအနေများမြင့်တက်နိုင်ခြေရှိသည်ဟု ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် အအေးလှိုင်းကျရောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ၁၈၅၀ ပြည့်နှစ်နောက်ပိုင်း အပူချိန်များစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုလအစောပိုင်းမှစပြီး အအေးလှိုင်းကျရောက်ကာ နိုင်ငံ၏အချို့နေရာဒေသမျေားတွင် အလွန်အေးခဲသည့် ရာသီဥတုနှင့် ကြုံတွေ့နေရသည်။
“၂၀၂၄ ခုနှစ်ဟာ ပိုပြီး ပူပြင်းလာနိုင်ပါတယ်။ ဒါ့အပြင် ဆိုးရွားပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနိုင်ပြီး ပိုပြီးပြင်းထန်လာနိုင်ပါတယ်”ဟု တရုတ်၏ အမျိုးသား ရာသီဥတုစင်တာမှ ကျွမ်း ကျင်သူ ကျိုးပင်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။
ယခုနှစ် နွေရာသီအတွင်း တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသည့်မြို့နယ်တစ်ခုတွင် အပူချိန်သည် ၅၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံ၏ စံချိန်တင် အပူချိန်မြင့်တက်မှု ဖြစ်သည်။
တရုတ်နိုင်ငံမြောက်ပိုင်းတွင်လည်း တိုင်ဖွန်းမုန်တိုင်းများတိုက်ခိုက်မှုကြောင့် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ကာ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်သည် နှစ်နှစ်မှ ခုနှစ်နှစ်အတွင်း တစ်ကြိမ်စီဖြစ်ပွားလေ့ရှိပြီး ကမ္ဘာ့အချိုကနေရာဒေသများတွင် မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးခေါင်မှုများကို ဖြစ်ပွားစေသည့် အစွန်းရောက် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ယခုနှစ်၏ အယ်နီညို ရာသီဥတုဖြစ်စဉ်သည် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နေရာ အနှံ့အပြားတွင် စံချိန်တင်အပူချိန်များ မြင့်တက်ခဲ့သည်။
ယခုဖြစ်ပွားနေသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇွန်လအတွင်း အဆုံးသတ်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပြီး ထိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုများကို လပေါင်းများစွာကြာခံရနိုင်ပြီး ၂၀၂၄ ခုနှစ်အတွင်း အပူချိန်များ စံချိန်တင်မြင့်တက်နိုင် ကြောင်း ပြောကြားခဲ့သည်။
“အယ်နီညိုဖြစ်စဉ်ဟာ ကမ္ဘာ့မြောက်ခြမ်းဒေသမှာ လာမယ့် ဆောင်းရာသီ၊ ကမ္ဘာ့တောင်ခြမ်းဒေသမှာ လာမယ့်နွေရာသီ တောက်လျှောက်ဆက်လက်ဖြစ်ပွားနေပါလိမ့်မယ်”ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)ကလည်း နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
“အပူလှိုှုင်းတွေ၊ မိုးခေါင်မှုတွေ၊ တောမီးလောင်ကျွမ်းမှုတွေ၊ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေလွှမ်းမိုးမှုတွေလို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ အချို့ဒေသတွေမှာ ပိုမိုမြင့်တက်လာနိုင်ပြီး ကြီးမားတဲ့သက် ရောက်မှုတွေကို ဖြစ်စေပါလိမ့်မယ်” ဟု WMO အကြီးအကဲ ပက်တာရီ တားလက်စ်က သတိပေးခဲ့ပြီး ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များအတွက် ကြိုတင်သတိပေးသည့် စနစ်များသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။