အိန္ဒိယသမုဒ္ဒရာ၌ ဓာတုဗေဒပစ္စည်းများ တင်ဆောင်သော သင်္ဘောကို အီရန်က ဒရုန်း ဖြင့်တိုက်ခိုက်သည်ဟုအမေရိကန်က စွပ်စွဲလျက်ရှိစဉ် အီရန်ရေတပ်သည် ကီလိုမီတာ ၁,၀၀၀ အကွာအဝေးအတွင်းပစ်နိုင်သော ခရုစ်ဒုံးကျည်များ၊ ကင်းထောက်ရဟတ်ယာဉ်များ လက်ခံရရှိခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် အီရန်အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။
“တာလေယက် ခရုစ်ဒုံးကျည်ဟာ အကာအဝေး ကီလိုမီတာ ၁,၀၀၀ အတွင်း ပစ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ပြီးတော့ ဒီခရုစ်ဒုံးကျည်ဟာ လမ်းကြောင်းတစ်ဝက်လောက်မှာ ပစ်မှတ်တွေကို ပြောင်းလဲပစ်ခတ်နိုင်တဲ့ ဆမတ်ဒုံးကျည်ဖြစ်ပါတယ်”ဟု အီရန်ရေတပ် အကြီးအကဲ ရှာရမ်အီရာနီ၏ပြောစကားကို အီရန်အစိုးရရုပ်သံက ကိုးကား ဖော်ပြခဲ့သည်။
ကင်းထောက် ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ ရေတပ်သုံး ခရုစ်ဒုံးကျည်များသည် ရေ တပ်၏လက်နက်တိုက်ထဲသို့ဖြည့်စွက်လိုက်သော လက်နက်သစ်များထဲတွင်ပါဝင်သည်ဟု အီရာနီက ပြောကြားခဲ့သည်။ ယင်းလက်နက်အားလုံးကို အီရန်စစ်တပ်၏စက်မှု လုပ်ငန်းက ပုံစံထုတ်ခြင်း၊ ထုတ်လုပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
အနောက် စစ်ရေးလေ့လာဆန်းစစ်သူများက အီရန်သည် ၎င်း၏လက်နက်စွမ်းရည်များကို ရံဖန်ရံခါ ပုံကြီးချဲ့ပြောကြားတတ်သည်ဟု ပြောကြားကြသော်လည်း အီရန်လုပ်ဒုံးကျည်များနှင့်ဒရုန်းများသည် အီရန်၏စစ်လက်နက်ပစ္စည်းများထဲတွင် အဓိကကျသော အရာများဖြစ်သည်။
အီရန်ပေးပို့လိုက်သော ဒရုန်းသည် လိုက်ဘေးရီးယားအလံလွှင့်ထားသော ဓာတုဗေဒပစ္စည်းတင် သင်္ဘောကို အိန္ဒိယသမုဒ္ဒရာတွင် ထိမှန်သွားခဲ့သည်ဟု ဒီဇင်ဘာ ၂၃ ရက် တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီ်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်က ဒေသတွင်းတင်းမာမှုမြင့်တက်လာခြင်းကို မီးမောင်းထိုးဖော်ပြလျက်ရှိပြီး ဂါဇာကမ်းမြောင်၌ အစ္စရေး -ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက် သင်္ဘောများ ခုတ်မောင်းရာ လမ်းကြောင်းများအတွက် အန္တရာယ်အသစ်ဖြစ်လာခဲ့သည်။
ထိုဖြစ်စဉ်သည် ပင်လယ်နီအပြင် အခြားနေရာများတွင် ကုန်သင်္ဘောများအတွက် အန္တရာယ်ရှိလာသည့် လက္ခဏာတစ်ရပ်ဖြစ်လာသည်။
အစ္စရေးနှင့် ဟားမာ့စ်တို့စစ်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်သည် သင်္ဘောများအား တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်က ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း စွပ်စွဲခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်တွင် အိန္ဒိယသမုဒ္ဒရာ၌ ဒေသစံတော်ချိန်နံနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်တွင် ထိခိုက်၊ သေဆုံးမှုများမရှိသော်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာမီးကို ငြိှမ်းသတ်နိုင်ခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟူရ်သီသူပုန်များသည် ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ပါလက်စတိုင်းတို့ကိုထောက်ခံကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကိုဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။
MV Chem Pluto အမည်ရှိ ဓာတုပစ္စည်းတင်သင်္ဘောသည် နယ်သာလန်ကုမ္ပဏီကလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီပိုင်သင်္ဘောဖြစ်သည်ဟု ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။