ထိုင်ဝမ်အာဏာရပါတီအနေဖြင့် တရုတ်နှင့် စစ်ပွဲအဖြစ်ခံမည် မဟုတ်ကြောင်း ထိုင်ဝမ်ဒုသမ္မတဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေသည့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP)ဒုသမ္မ တလောင်း ရှောင်ပိချင်းက ပြောကြားခဲ့သည်။
သို့သော် တရုတ်က တင်းမာမှုများဖြစ်လာအောင် လှုံ့ဆော်နေသည်ဟု ၎င်းကပြစ်တင်ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပသွားမည်ဖြစ်ကာ ယင်းကို တရုတ်နှင့် အမေရိကန်၏ မူဝါဒရေးဆွဲသူများက စောင့်ကြည့်လျက်ရှိပြီး ၎င်းရွေးကောက်ပွဲသည် ထိုင်ဝမ်-တရုတ်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးဖွယ်ရှိသည်။
ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ် မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောကြားထားသည်။
ထို့ပြင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
လူထုစစ်တမ်းများတွင် ရေပန်းအစားဆုံးဖြစ်နေသည့် DPP ပါတီကိုယ်စားပြု သမ္မတလောင်း လိုင်ချင်းတယ်သည် အန္တရာယ်ရှိသော ခွဲထွက်ရေးသမား ဖြစ်သည်ဟု တရုတ်ကဝေဖန်ခဲ့ပြီး လာမည့်သမ္မတ ရွေးကောက်ပွဲသည် စစ်ပွဲနှင့်ငြိမ်းချမ်းမှုအကြား ရွေးချယ်မှုဖြစ်လာမည်ဟု တရုတ်က ပုံဖော်ပြောဆိုလျက် ရှိသည်။ လိုင်သည် လက်ရှိ ထိုင်ဝမ်ဒုသမ္မတလည်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်က ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ထိုင်ဝမ်ဒုသမ္မတလောင်း သုံးဦး၏ ရွေးကောက်ပွဲအကြို မူဝါဒမိန့်ခွန်းပြောကြားမှုတွင် DPP ကိုယ်စားပြု ဒုသမ္မတလောင်း ရှောင်ပိချင်းက ပြိုင်ဘက်ပါတီများသည် ထိုင်ဝမ်ရေလက်ကြားဒေသတွင် အခြေအနေ တင်းမာနေသည့်အပေါ် DPP အစဉ် တစိုက် အပြစ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း အဲဒီလိုဖြစ်ရတဲ့ တကယ့်အကြောင်းရင်းကတော့ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ တည်ရှိဆဲ နိုင်ငံတကာအခင်းအကျင်းနဲ့ ရှိရင်းစွဲအခြေအနေကို ပြောင်းလဲဖို့ အာဏာရှင်ဆန်ဆန်သြဇာချဲ့ထွင်မှုကြောင့် ဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိရှိကြပါတယ်။ ကူမင်တန်ပါတီ အုပ်ချုပ်ခဲ့ချိန်ကလည်း တရုတ်ရဲ့ စစ်လက်နက်တပ်ဆင်မှုတိုးချဲ့ခြင်းဟာ လုံးဝရပ်တန့်မသွားခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
“ကျွန်မတို့အနေနဲ့ စစ်ပွဲကိုရှောင်လွှဲဖို့ ကာကွယ်ရေးအင်အားကို အခိုင်အမာတည်ဆောက်နေပါတယ်။ လိုင်ချင်းတယ်နဲ့ ရှောင်ပိချင်းတို့ဟာ ထိုင်ဝမ်ရေလက်ကြားဒေသရဲ့ ရှိရင်းစွဲတည်ငြိမ်အေးချမ်းမှုကို ကာကွယ် ထိန်းသိမ်းဖို့အတွက် ထောက်ခံတယ်ဆိုတာ ကိုကြေညာလိုပါတယ်။ ကျွန်မတို့ဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ပွဲဖြစ်လာမှာကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ကူမင်တန်ပါတီမှ ဒုသမ္မတလောင်းဖြစ်ကာ ထိုင်ဝမ်ရုပ်သံစတား တစ်ဦးဖြစ်သည့် Jaw Shaw-Kong က ၎င်း၏ပါတီသည် တရုတ်လိုလားသော ပါတီမဟုတ်ဟု ငြင်းဆိုခဲ့သည်။
“DPP ဟာ တရုတ်ပြည်မကြီးအကြောင်း ကွန်မြူနစ်ပါတီအကြောင်း လုံးဝနားမလည်ပါဘူး။ သူတို့ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အသုံးချပြီး သူတို့ကို ရွေးကောက်တင်မြှောက်ဖို့ မဲဆန္ဒရှင်တွေကို လှည့်စားနေတာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
ထိုင်ဝမ်နှင့် တရုတ်သည် ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့သော် DPP သည် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဝေဖန်ခဲ့ပြီး KMT အနေဖြင့် ထိုင်ဝမ်ကာကွယ်ရေးအတွက် အခိုင်အမာလုပ်ဆောင်မည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း တရုတ်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။