၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ ဒီဇင်ဘာ ၂၈ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်လူငယ်များအားလုံး ပေါင်းစည်းညီညွတ်ပြီး ကဏ္ဍပေါင်းစုံတွင် ကမ္ဘာနှင့် ပခုံးချင်းယှဉ်နိုင်ရန်နှင့် မွန်လူငယ်များအနေဖြင့် မွန်မျိုးနွယ်ကို ဒေသတစ်ဝန်း၊ ရေမြေပေါင်းစုံတွင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မွန်လူငယ်အင်အားကို ခိုင်မာအောင်တည်ဆောက်ပြီး မွန်အမျိုးသားရေး၊ နိုင်ငံရေးနှင့် ခေါင်းဆောင်မှုတို့တွင် အကျိုးပြုထမ်းဆောင်နိုင်ရန်၊ မြို့နယ်များရှိ လူငယ်အင်အားမြှင့်တင်ရန်၊ အမြင်ချင်းဖလှယ်ရန်၊ အမျိုးသားရေးကို ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စုပေါင်းခေါင်းဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မွန်လူငယ်နေ့အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ထန်းပင်ချောင်ကြီးကျေးရွာမှာ ကျင်းပပြုလုပ်သွားမယ့် ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားမှာ ဘင်ခရာစစ်ကြောင်းတွေ ချီတက်တာ၊ အခမ်းအနားပြုလုပ်တာတွေ ပြုလုပ်သွားမှာဖြစ်သလို ဖျော်ဖြေရေးအစီအစဉ်တွေရှိမယ်။ မွန်စာပေပြိုင်ပွဲတွေရှိမယ်။ နောက်အမြင်ချင်း နှီးနှောဖလှယ်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်” ဟု မွန်လူငယ်နေ့အခမ်းအနား ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာတွင် ကျင်းပခဲ့သည်။