ဒီဇင်ဘာ(၂၆) Boxing Day နေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲကို စူပါကွန်ပျူတာက တွက်ချက်ခန့်မှန်းခဲ့ရာ မန်ယူနှင့် အက်စတွန်ဗီလာအသင်းတို့ (၂-၂)ဂိုး ဖြင့် သရေကျမည်ဟု ခန့်မှန်းခဲ့ကြောင်း The Sun က ဖော်ပြခဲ့သည်။
စူပါကွန်ပျူတာသည် ယခင်နှစ်များမှ Boxing Day ရလဒ်များနှင့် ယခုရာသီစွမ်းဆောင်မှုများအပေါ် အခြေပြုတွက်ချက်ခြင်းဖြစ်ပြီး မန်ယူအသင်းမှာ Boxing Day ၌ ရလဒ်ကောင်းလေ့ရှိသည့် အသင်းတစ်သင်းဖြစ်သော်လည်း ယခုရာသီတွင် အက်စတွန်ဗီလာအသင်း၏စွမ်းဆောင်ရည်က ပိုမိုကောင်းမွန်နေသည့်အတွက် ယခုကဲ့သို့ ခန့်မှန်းခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
ယခုနှစ် Boxing Day တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မန်ယူ – အက်စတွန်ဗီလာပွဲနှင့်အတူ နယူးကာဆယ် – နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက် – ဖူလ်ဟမ်၊ ရှက်ဖီးယူနိုက်တက် – လူတန်၊ ဘန်လေ – လီဗာပူးလ် ပွဲများဖြစ်သည်။
စူပါကွန်ပျူတာက နယူးကာဆယ်အသင်းအနေဖြင့် အိမ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်မည်ဟုလည်း ခန့်မှန်းခဲ့သည်။
ဖူလ်ဟမ်က ဘုန်းမောက်ကို (၃-၀)ဂိုးဖြင့်နိုင်မည်ဖြစ်ပြီး လူတန်က ရှက်ဖီးယူနိုက်တက်ကို (၁-၀)ဂိုးဖြင့် နိုင်မည်ဟုလည်း ခန့်မှန်းခဲ့သည်။
လီဗာပူးလ်အသင်းကလည်း ဘန်လေအသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်းခဲ့သည့်အတွက် စူပါကွန်ပျူတာ၏ ခန့်မှန်းမှုမှာ အဝေးကွင်းအသင်းများကို အားသာချက်ပေးထားသည့်အခြေအနေလည်း ဖြစ်နေခဲ့သည်။