မန်ချက်စတာယူနိုက်တက်အသင်း၏ ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်း၏အားကစားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ကိုင်တွယ်သွားမည့် ဆာဂျင်ရက်ကလစ်ဖ်က သူသည် အသင်းကို ထိပ်ဆုံးအဆင့်သို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်သလို၊ အားကောင်းထိရောက်သည့် ရေရှည်စီမံကိန်းများကို ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ဒေသခံလူငယ်တစ်ဦးနဲ့ အသင်းရဲ့ တစ်သက်တာအားပေးသူတစ်ဦးအဖြစ် ပြောရရင် အသင်းရဲ့ ဘောလုံးလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုတာဝန်လွှဲအပ်ဖို့ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့နဲ့ သဘောတူညီချက်တစ်ရပ် လုပ်နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အသင်းရဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေက အမြင့်ဆုံးအဆင့်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ရန်ပုံငွေအမြဲရှိနေတယ်ဆိုတာ သေချာစေပါတယ်။ အသင်းပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ ပိုမိုကျယ်ပြန့်တဲ့ INEOS အားကစားအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေ ယူဆောင်လာပေးမှာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေကိုလည်း ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့က ရေရှည်စီမံကိန်းအတွက် ဒီနေရာမှာ ရှိနေကြတာဖြစ်ပြီး စိန်ခေါ်မှုများစွာနဲ့ ကြိုးစားအားထုတ်မှုတွေ ရှေ့မှာရှိနေတာကို လက်ခံပါတယ်။ ကျွန်တော်တို့အနေနဲ့ တိကျမှု၊ ကျွမ်းကျင်မှု၊ စိတ်အားထက်သန် မှုတွေနဲ့ ချဉ်းကပ်သွားမှာပါ။ အသင်းရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းအတွက်ကူညီဖို့ ဘုတ်အဖွဲ့၊ ဝန်ထမ်းတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေအပါအဝင် အသင်းမှာရှိတဲ့သူ အားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့ ကတိပြုပါ တယ်။ ကျွန်တော်တို့ မျှဝေပေးမယ့် ရည်မှန်းချက်က ရှင်းပါတယ်။ အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းနေရာဆီ မန်ချက်စတာယူနိုက်တက်အသင်း ပြန်ရောက်လာမှာကို ကျွန်တော်တို့အားလုံး မြင်ချင်ပါတယ်”ဟု ဆာဂျင်ရက်ကလစ်ဖ်က ဆိုသည်။
မန်ယူအသင်းပိုင်ရှင် အမေရိကန်သူဌေးများဖြစ်သည့် ဂလေဇာမိသားစုသည် အသင်းအား ၂၀၀၅ ခုနှစ်တွင် ပေါင်သန်း (၇၉၀) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး (၁၈) နှစ်အကြာ၌ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ပေါင် (၁.၃) ဘီလီယံဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့သည်။
ဂလေဇာမိသားစုအနေဖြင့် ရှယ်ယာများရောင်းချခဲ့ပြီး ဘောလုံးလုပ်ငန်းဆောင်ရွက်မှု စီမံခန့်ခွဲခြင်းကို INEOS ထံ လွှဲပြောင်းပေးခဲ့သော်လည်း အဓိကရှယ်ယာရှင်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။