လီဗာပူးလ်အသင်းဘယ်နောက်ခံလူ ဆီမီကက်စ် ဒဏ်ရာထပ်မံရရှိသွားသဖြင့် ဂျိုးဂိုးမက်ဇ်ကို ယင်းနေရာတွင် အစားထိုးအသုံးပြုရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ပြောကြားသည်။
ဂရိလက်ရွေးစင်ကစားသမား ဆီမီကက်စ်(၂၇ နှစ်)မှာ ဒီဇင်ဘာ ၂၃ ရက်က အာဆင်နယ်အသင်းနှင့်ပွဲတွင် ဆာကာနှင့် ထိခိုက်မိရာမှ ပခုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၃၅ မိနစ်မှာပင် လူစားလဲခဲ့ရသည်။
ဆီမီကက်စ်အနေဖြင့် ညှပ်ရိုးကျိုးဒဏ်ရာ ရရှိသွားခြင်းဖြစ်ပြီး လအတန်ကြာ အနားယူရနိုင်ကြောင်း သိရသည်။
ဆီမီကက်စ်မှာ ဘယ်နောက်ခံလူနေရာအတွက် ဒုတိယဦးစားပေးကစားသမားဖြစ်ပြီး အဓိကကစားသမားဖြစ်သူ ရောဘတ်ဆန်မှာလည်း အောက်တိုဘာလအတွင်း စကော့တလန်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် ပခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့သဖြင့် အနားယူနေရသည်။
သို့ဖြစ်ရာ ယာဂန်ကလော့ပ်က ”ရော့ဘို (ရောဘတ်ဆန်)က ပြန်လာတော့မှာဖြစ်ပြီး ကော့တက်စ် (ဆီမီကက်စ်)ကတော့ အချိန်အတော်ကြာ အနားယူရဦးမှာ သေချာပါတယ်။ သူ့ရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်မှာ အဲဒီအကြောင်းစဉ်းစားဖို့ အချိန်မရသေးပါဘူး။ ဒါပေမဲ့ အခုအခြေအနေက ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲပါတယ်။ တစ်ခါတစ်ရံမှာ ဒဏ်ရာတွေ ကြုံရတတ်ပြီး ဒါတွေအားလုံးကို လက်ခံရပါမယ်။ ဒါပေမဲ့ ညှပ်ရိုးကျိုးတာက ကုသဖို့ အရမ်းကြာတာကြောင့် တကယ်ဆိုးပါတယ်။ ရော့ဘိုက မတူတဲ့ဒဏ်ရာ ရခဲ့တာဖြစ်ပေမဲ့ ပြန်ကောင်းလာဖို့ အချိန်တော်တော်ကြာခဲ့တယ်။ ဒီအခိုက်အတန့်မျိုးမှာ ကံကောင်းခြင်းတွေ လိုအပ်တယ်ဆိုတာ အားလုံးသိပါတယ်။ အခုတော့ ဂျိုး (ဂိုးမက်ဇ်)ကို ဂွမ်းပုံထဲထည့်ထားပြီး လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာအောင် လုပ်ရပါမယ်”ဟု ပြောကြားသည်။
လီဗာပူးလ်အသင်းသည် Boxing Day ပွဲစဉ်အဖြစ် ယနေ့ညပိုင်းတွင် ဘန်လေအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။