ဒိန်းမတ်၏ Maersk(မာ့စ်)သင်္ဘောကုမ္ပဏီသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
Maersk ကုမ္ပဏီက အဆိုပါလမ်းကြောင်းများတွင် ၎င်း၏သင်္ဘောများကို ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ခြင်းမှာ ယင်းနေရာများတွင် ကုန်သွယ်မှု ဘေးကင်းရေး အတွက် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်း၏စစ်ဆင်ရေးကြောင့်ဖြစ်သည်ဟု ဆိုသည်။
သင်္ဘောဖြင့်ကုန်ပစ္စည်းများပို့ဆောင်ပေးသော ကုမ္ပဏီကြီး Maersk သည် ၎င်း၏သင်္ဘောများ တိုက်ခိုက်ခံရခြင်းကြောင့် ဒီဇင်ဘာလအစောပိုင်းတွင် ဘက်အယ်လ်မန်ဒက် ရေလက်ကြားသို့ သင်္ဘောများ ဖြတ်သန်းခြင်းကို ရပ်ဆိိုင်းထာခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းထားခြင်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အတွက်အချက်အချာဖြစ်သော စူးအက်တူးမြောင်းကို လမ်းကြောင်းအများစုအတွက် အသုံးပြု၍မရဖြစ်စေခဲ့သည်။
ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူရ်သီအဖွဲ့၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများအား နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကို ကြေညာခဲ့သည်။ ညွန့်ပေါင်းတွင် စပိန်မပါဝင်တော့ဟု သိရသည်။
“၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ နိုင်ငံစုံပါဝင်တဲ့ Operation Prosperity Guardian(OPG)ကို ဖွဲ့စည်းထားပြီးဖြစ်ကာ ပင်လယ်နီနဲ့အေဒင်ပင်လယ်ကွေ့တို့ကိုဖြတ်သန်းပြီး ရေကြောင်းကုန်သွယ်ရေးပြန်လုပ် လို့ရပြီဆိုတဲ့ အတည်ပြုစာကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။ အာရှနဲ့ဥရောပတို့၏ တံခါးပေါက်အဖြစ် စူးအက်တူးမြောင်းကိုလည်း ပြန်လည်အသုံးပြုလို့ရပါပြီလို့ဆိုပါတယ်”ဟု ဒီဇင်ဘာ ၂၄ ရက်တွင် Maersk က ထုတ်ပြန်ခဲ့သည်။
“OPG စစ်ဆင်ရေး စတင်နေခြင်းနဲ့ အတူ ကျွန်တော်တို့ရဲ့သင်္ဘောတွေ ပင်လယ်နီကို အရှေ့ဘက်ကနေရော အနောက်ဘက်ကနေပါ ပြန်လည်ဖြတ်သန်းဖို့ ပြင်ဆင်နေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော် ပြထားသည်။
အသေးစိတ်များကို လာမည့် ရက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဟု Maersk က ဖော်ပြခဲ့သည်။ သို့ရာတွင် ဘေးကင်းမှု အခြေအနေများ ဖြစ်ပေါ်ပြောင်းလဲမှုအပေါ်မူတည်ပြီး သင်္ဘောလမ်းကြောင်း ပြောင်းလဲမှုများကို မတတ်သာသည့်အဆုံး ထပ်မံလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။
ဂွတ်ဟုတ် အငူမှတစ်ဆင့် အာဖရိကတစ်ဝိုက်တွင် သင်္ဘောလမ်းကြောင်းများကို ပြန်လည်ပြောင်းလဲခဲ့သည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် Maersk က ပြောကြားခဲ့သည်။ ခရီးလမ်းကြောင်းပိုရှည်သွားခြင်းကြောင့် အပိုကုန်ကျစရိတ်များကို ကာမိစေရန် အာရှမှ ပို့ဆောင်သော ပစ္စည်းများအတွက် အပိုကြေးများကို ကောက်ခံသွားမည်ဟုဆိုသည်။
ကုမ္ပဏီများသည် လွန်ခဲ့သောသီတင်းပတ်များတွင် ဘေးကင်းရေး စိုးရိမ်မှုများကြောင့် ၎င်းတို့၏သင်္ဘောများကို ပင်လယ်နီ ဖြတ်သန်းခုတ်မောင်းခြင်းအား ရပ်ဆိုင်းခဲ့သည်။ ထိုအထဲတွင် ဗြိတိန်ရေနံကုမ္ပဏီ ဘီပီ လည်းပါဝင်ခဲ့သည်။