အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက၎င်း၏စစ်သားများသည် မြေပြင်စစ်ဆင်ရေး၏ အဆိုးရွားဆုံးနေ့များကိုကြံ့ကြံ့ခံခဲ့ပြီးနောက် ဂါဇာထဲအထိ နက်နက်ရှိုင်း ရှိုင်းတိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အစ္စလာမ်မစ်ဂျီဟတ်အုပ်စုသည် ကိုင်ရိုဆွေးနွေးပွဲတွင်ပါဝင်လာခဲ့ရာ ယင်းသည် သံတမန်ရေး အသက်ဝင်နေဆဲဆိုသည့် လက္ခဏာဖြစ်လာသည်။
အစ္စလာမ်မစ်ဂျီဟတ်အုပ်၏စု၏ ပြည်ပြေးခေါင်းဆောင် ဇာအက်အယ်နက်ခလာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကိုင်ရိုမြို့ကို ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သောရက်ပိုင်းတွင် ဟားမာ့စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက် တက်ရောက်သော ဆွေးနွေးပွဲတွင် အစ္စလာမ်မစ်ဂျီဟတ်အုပ်စု ပါဝင်လာခြင်းဖြစ်သည်။ ဟားမာ့စ်ထက်ပိုမိုသေးငယ်သည့် အဖွဲ့ဖြစ်သော်လည်း အစ္စလာမ်မစ်ဂျီဟတ်အုပ်စုသည် ဂါဇာတွင် ဓားစာခံများကိုထိန်းသိမ်းထားသော အုပ်စုလည်းဖြစ်သည်။
အစ္စရေးက ဂါဇာ၌ စစ်ပွဲမရပ်မချင်းစစ်သွေးကြွအုပ်စုများက ဓားစာခံပြန်လွှတ်ရေးကိစ္စကိုဆွေးနွေးမည်မဟုတ်ဟု ပြောကြားထားပြီး အစ္စရေးကလည်း စစ်ပွဲတွင် ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကိုသာ ဆွေးနွေးရန်လိုလားသည်ဟု ပြောကြားထားသည်။
သို့ရာတွင်ဒီဇင်ဘာလ အစပိုင်းတွင် အပစ်ရပ်စဲရေးပျက်ပြားသွားပြီးကတည်းက မည်သည့်ဘက်ကမှ ဆွေးနွေးပွဲမှ လူသိရှင်ကြားထွက်ခွာသွားခြင်းမရှိပေ။ ယင်းဆွေးနွေးပွဲများသည် အလွန်အရေးကြီးသည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ၀ါရှင်တန်က ပြောကြားထားသည်။
ကိုင်ရိုဆွေးနွေးပွဲသည် မိမိတို့ပြည်သူများကို အစ္စရေးကျူးကျော်မှုအဆုံးသတ်သွားစေရေးနည်းလမ်းများကို အလေးထားဆွေးနွေးလိမ့်မည်ဟု အစ္စလာမ်မစ်ဂျီဟတ်အုပ်စု၏တာဝန်ရှိသူက ပြောကြားသည်။ အပစ် အခတ်ရပ်စဲရေးရရှိပြီးနောက် ဓားစာခံလဲ လှယ်မှုမှန်သမျှသည် အစ္စရေး၌ အကျဉ်းချ ခံထားရသော ပါလက်စတိုင်းသားအားလုံး လွတ်မြောက်စေရလိမ့်မည်ဆိုသည့် အစ္စလာမ်မစ်ဂျီဟတ်အုပ်စု၏ရပ်တည်ချက်ကို ကိုယ်စားလှယ်အဖွဲ့က ထပ်လောင်းအတည်ပြုမည်ဟု တာဝန်ရှိသူက ပြောကြားသည်။
အစ္စရေးပျက်သုဉ်းရမည်ဟုနှစ်ဖွဲ့စလုံး ကျမ်းကျိန်ထားသော ဟားမာ့စ်နှင့် အစ္စလာမ်မစ်ဂျီဟတ်အုပ်စုတို့သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးမြို့များကို ၎င်းတို့စီးနင်းစဉ် လူ ၁,၂၀၀ ကိုသတ်ခဲ့ပြီး ၎င်းတို့ ဖမ်းဆီးခေါ် ဆောင်လာသော ဓားစာခံ ၂၄၀ ထဲကဓားစာခံ ၁၀၀ ကျော်ကို ထိန်းသိမ်းထားဆဲဟုယုံ ကြည်ရသည်။
ထို့နောက်ပိုင်းတွင် အစ္စရေးကဂါဇာကမ်းမြောင်ကို ၀ိုင်းထားခဲ့သည်။ ဂါဇာနေရာအတော်များများသည် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။ ဂါဇာတွင် လူ ၂၀,၄၀၀ သေဆုံးခဲ့သည်ဟု ဂါဇာအာဏာပိုင်များကပြောကြားခဲ့ပြီး နောက်ထပ်ထောင်ဂဏန်းသည် အပျက်အစီးများအောက်တွင် သေဆုံးနေသည်ဟု ယုံကြည်ရသည်။
ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏ အများစုသည် နေရပ်စွန့်ခွာခဲ့ကြရသည်။ အခြေအနေသည် ဆိုးရွားလွန်းနေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုသည်ယခုလအစောပိုင်းတွင် ပျက်ပြယ်သွားပြီးနောက် စစ်ပွဲသည် ဂါဇာမြောက်ပိုင်းမှသည် ဂါဇာကမ်းမြောင်တစ်ခုလုံးသို့အင်ပြည့်အားပြည့် ပြန့်သွားခြင်းနှင့်အတူ တိုက်ပွဲသည် မြေပြင်တွင်သာ ပြင်းထန်လျက်ရှိသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် အစ္စရေးက ဂါဇာကို ဗုံးကြဲခဲ့သောကြောင့် ပါလက်စတိုင်းသားများသည် ခရစ္စမတ်နေ့တွင် မပျော်ကြဟု ပြောကြားခဲ့ကြသည်။
ဂျီးဆပ်ခရိုက်မွေးရပ်အဖြစ် အထွတ်အမြတ်ထားခံရသောအသိမ်းပိုက်ခံ အနောက်ဘက်ကမ်းရှိ ဘတ်သလဲဟမ် မြို့တွင်လည်း ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်းထားသည်ဟု သိရသည်။