မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကာလအတွင်း တိုက်ပွဲများကြောင့် လူဦးရေ ၁၃၆၀၀၀ ကျော် လတ်တလောနေရပ် စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင် တိုက်ပွဲများအရှိန်မြင့်လာခြင်း (အရေးပေါ်သတင်းအချက်အလက်အမှတ်စဉ် ၁၀) တွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးနီးပါးတွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ မြို့နယ်အများအပြား၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှစ၍ အရပ်သား ၉၃ ဦး သေဆုံးခဲ့ပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများအပြားမှာ ရှမ်း-ကယား နယ်စပ်တစ်လျှောက်တွင်ဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိကာလအတွင်းတွင် လူဦးရေ ၁၃၆၀၀၀ ကျော်သည် လတ်တလောနေရပ်စွန့်ခွာခဲ့ရသည်ကို အတည်ပြုထားကြောင်း UNOCHA က ဆိုသည်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လိုအပ်ချက်များ မြင့်တက်လာသည့်ကြားမှပင် ဘာသာရေးခေါင်းဆောင်များ၊ အခြားသောအကျိုးသက်ဆိုင်သူများနှင့် ပူးပေါင်းလျက် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ အကူအညီများ ပေးအပ်နေကြောင်း၊ အရှေ့တောင်ပိုင်းဒေသရှိ နေရာအများစုတွင် လူသားချင်းစာနာမှုဝင်ရောက်ကူညီခွင့်များကို တင်းကျပ်စွာကန့်သတ်ထားဆဲဖြစ်ပြီး အထူးသဖြင့် ကယားပြည်နယ်သို့ ဝင်ရောက်မှုများကို တင်းကျပ်စွာကန့်သတ်ထားကြောင်း၊ မြို့နယ်ခြောက်မြို့နယ်ရှိ (ဟိုပင်၊ ဆီဆိုင်၊ ကလော၊ ညောင်ရွှေ၊ ပင်လောင်းနှင့် တောင်ကြီး) ခိုလှုံရာစခန်းများမှ IDPs ၁၁၀၀၀ ဦးသို့ ကဏ္ဍစုံအဖွဲ့အစည်းများစွာပါဝင်သောအဖွဲ့မှ လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေပေးရန် ခွင့်ပြုချက်ရရှိထားကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။