ဒီဇင်ဘာအားလပ်ရက်များအတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူလည်း များပြားကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်မှစ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများ များပြားလျက်ရှိကြောင်း၊ အမြင့်ပေ ၄၉၈၁ ပေရှိသည့် ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူများသည်လည်း ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် အများဆုံးရှိခဲ့ပြီး နှစ်စဉ် New Year ကာလအထိ တောင်တက်သူ အများအပြားလာရောက်လေ့ရှိကြောင်း သိရသည်။
“တောင်မကြီးပေါ်ကို လာတက်တာက ဒီကျောက်ပန်းတောင်းမြို့နဲ့ အနီးတစ်ဝိုက်က အများဆုံးလာပြီး ရေနံချောင်း၊ မကွေး၊ ညောင်ဦးနယ်တွေထဲကလည်း လာကြတယ်။ အခြားမြို့နယ်တွေကတော့ အနည်းစုလာကြတာပါ။ ခရစ္စမတ်ရက်ဝန်းကျင်မှာ ရဟတ်ယာဉ်ကွင်းဟောင်းပေါ်မှာ ယာယီတဲတွေနဲ့ ညအိပ်ကြပြီး တောင်လာတက်တဲ့အဖွဲ့တွေလည်း ရှိခဲ့တယ်” ဟု ပုပ္ပါးတောင်မကြီးပေါ်မှ စျေးသည်တစ်ဦးက ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဒေသခံတစ်ဦးက “ပုဂံမှာက အခုလို ခရစ္စမတ်နဲ့ New Year ကာလမှာ ဟိုတယ်တွေ တည်းခိုခန်းတွေ ပြည့်တဲ့အထိ ဘုရားဖူးတွေလာနေကြပါ။ အခုနှစ်လည်း ပုံမှန်လိုကြီး ဘုရားဖူးတွေ ပြည့်ကျပ်နေအောင် မလာပေမဲ့ ဟိုတယ်တည်းခိုခန်းတွေက အလွတ်သိပ်မရှိပါဘူး” ဟု ပြောကြားသည်။
ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူများ တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး မြို့ပေါ်နေသူများသာမက ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ်များအတွင်းရှိ ကျေးရွာနေသူများပါ တောင်မကြီးသို့ တက်ရောက်လေ့ရှိကြောင်း သိရသည်။