ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight Queen’s Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာတင် အလဲထိုးခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းဖိုက်သည် ဗိုလ်လုပွဲများကို ဒီဇင်ဘာ(၂၄)ရက်က အယုဒ္ဓယမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ချန်ပီယံခါးပတ်လုပွဲ တွဲဆိုင်း (၅)ပွဲ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် အမျိုးသမီး (၅၄) ကီလိုတန်းတွင် ပြိုင်ဘက်ဟောင်း ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် စိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိထားခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံမှုမှာ ယင်းကစားသမားနှစ်ဦးစလုံးအတွက် မကျေပွဲ ဖြစ်ကြောင်း သိရသည်။
ယခုချန်ပီယံခါးပတ်လုပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါသည် ပထမအချီစလွှတ်ကတည်းက ဘရော်နီကာကို တိုက်စစ်ဖွင့်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
အစောပိုင်းတွင် ကစားသမားနှစ်ဦး လူချင်းအပူးတွင် ဘရော်နီကာ လဲကျခဲ့ပြီး အနည်းငယ် အခက်တွေ့ခဲ့ရသည်။
သို့သော် ဘရော်နီကာသည် ဆုံတွေ့ဖူးသည့် ပြိုင်ဘက်အကြောင်းကို အသေအချာသိထားသောကြောင့် ပြန်လည်တိုက်စစ်ဖွင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ဘရော်နီကာသည် မွေထိုင်းမယ် ဖာရာဆင်းဂါ၏ အောက်မေးဖျားကို အမြင့်ပင့်ကန်ခဲ့ရာ ဖာရာဆင်းဂါ ဖင်ထိုင်ကျခဲ့ပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။
ထို့ နောက် ပြန်တည်ပေးရာတွင် ဘရော်နီကာမှာ အခွင့်အရေးကို လက်လွတ်မခံဘဲ အတင်းဝင်ကာ ဘယ်ညာတွဲလုံးထိုးချက်များ၊ ဘယ်ညာတံတောင်ရိုက်ချက်များ တရစပ်သုံးကာ ပွဲသိမ်းရန်ကြိုးစားခဲ့သည်။
ဘရော်နီကာ၏ တရစပ်ဖိအားပေးထိုးချက်များကြောင့် ဖာရာဆင်းဂါမှာ ခံစစ်သက်သက်သာဖြစ်သွားခဲ့၍ ကြိုးဝိုင်းဒိုင်မှ ဝင်တားကာ ဘရော်နီကာကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက Thai Fight Queen’s Cup အကြိုဗိုလ်လုပွဲအဖြစ် အီရန်နိုင်ငံသူ မွေထိုင်းမယ်ဇာဟာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဘရော်နီကာသည် Thai Fight Queen’s Cup ၏ လက်ရှိချန်ပီယံဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂရိနိုင်ငံသူ ဖာနီကို အလဲထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။
ဘရော်နီကာသည် Thai Fight က ဦးဆောင်ကျင်းပသည့် အမျိုးသမီး မွေထိုင်းပြိုင်ပွဲများတွင်(၁၆) ပွဲဆက်တိုက် အနိုင်ရထားပြီး ယင်းပွဲများအနက် (၈) ပွဲကို အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။