တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူ ၁၄၈ ဦးထက်မနည်း သေဆုံးစေခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများတွင် ဒေါ်လာသန်းချီတန်ကြေးရှိ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ် စေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဒီဇင်ဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။
ကန်းဆုပြည်နယ်၏ စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများတွင် ယွမ် ၅၃၂ သန်း(ဒေါ် လာ ၇၄ ဒသမ ၆ သန်းခန့်)ဆုံးရှုံးနစ်နာခဲ့သည်ဟု ကန်းဆုပြည်နယ်ရှိ တာဝန်ရှိသူများက အကြိုအကဲဖြတ်လေ့လာတွေ့ရှိချက်ကို CCTV သတင်းတွင်ဖော်ပြထားသည်။
စိုက်ပျိုးရေးကဏ္ဍကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်စတင်နိုင်ရန်အတွက် အာဏာပိုင်များသည် ကယ်ဆယ်ရေးရန်ပုံငွေကို အကောင်းဆုံးအသုံးပြုရန် စဉ်းစားသုံးသပ်နေသည်ဟု သတင်းတွင်ဖော်ပြထားသည်။
ပေကျင်းမြို့တော် အနောက်တောင်ပိုင်း ကီလိုမီတာ ၁၃၀၀ ခန့် (မိုင် ၈၀၀)အကွာရှိ ကန်းဆုနှင့် ကျင်းဟိုင်ပြည်နယ်အကြား တောင်ထူထပ်သောဒေသတွင်ဒီဇင်ဘာ ၁၈ ရက် ညအချိန်က ရစ်ချ်တာစကေး ၆ ဒသမ၂ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။
ကန်းဆုပြည်နယ်တွင် သေဆုံးသူ ၁၁၇ ဦးထက်မနည်းရှိကာ အိမ်နီးချင်းချင်ဟိုင်းပြည်နယ်တွင် သေဆုံးသူ ၃၁ ဦးရှိပြီး ပျောက်ဆုံးနေသူသုံးဦးရှိသည်ဟု နိုင်ငံပိုင် CCTV သတင်းတွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ ၁,၀၀၀ နီးပါးရှိကာ နေအိမ် ၁၄,ဝဝဝကျော် ပျက်စီးခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
တရုတ်ဝန်ကြီးချုပ်လီချင်၏ ဒီဇင်ဘာ ၂၃ရက်က ကန်းဆုရှိ ကျေးရွာအများအပြားနှင့် ကျင်းဟိုင်ရှိ ကောင်တီတစ်ခုကို သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း အာဏာပိုင်များအား ငလျင်ဒဏ်သင့်ပြည်သူများကို မည်သည့်နည်းစနစ်ဖြင့်မဆို လူနေမှုအခြေအနေများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။
ကယ်ဆယ်ရေးကြိုးပမ်းဆောင်ရွက်မှုများတွင် အဓိကဦးစားပေးမှာ ဆောင်းရာသီကာလအတွင်း ဒေသခံများ နွေးထွေးမှုရရှိရန်နှင့် ဘေးကင်းလုံခြုံစေရန် သေချာစေရေးဖြစ်သည်ဟု လီကပြောကြားခဲ့သည်။
ကန်းဆုပြည်နယ်ရှိ မိုင်ပိုကျေးရွာတွင် ဒေသခံများအတွက် ယာယီအိမ်ခြေယူနစ် ပေါင်း ၅၀၀ ၏ ပထမအသုတ်ကို တည်ဆောက်ပေးခဲ့သည်ဟု CGTN သတင်းတွင် ဖော်ပြထားသည်။
အပူချိန်သည် ရေခဲမှတ်အောက်ကျဆင်းနေချိန်တွင် လူအများအပြားသည် ယင်းဒေသရှိ ယာယီတည်ဆောက်ထားသော တဲများတွင် ညအချိန်စုပြုံနေထိုင်ခဲ့ကြသည်။
ကန်းဆုပြည်နယ်၏ ဂျီရှီရှန်းကောင်တီရှိ ငလျင်ဗဟိုချက်အနီး Majiahe ဗလီအပြင်ဘက်တွင် မိသားစုများသည် သစ်သားတိုင်များနှင့် မိုးရေခံဖျင်စများကို အသုံးပြု၍ယာယီတဲများ ဆောက်လုပ်နေထိုင်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်း တရုတ်တွင် လူအသေအပျောက်အများဆုံး ငလျင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်က နိုင်ငံအနောက် တောင်ပိုင်းယူနန်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့သည်။
တရုတ်၏ အနောက်ဘက်ကုန်းတွင်းပိုင်းသည် မကြာခဏငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားနေရသည်။၂၀၀၈ခုနှစ်က ဆီချွမ်ပြည်နယ်တွင် ကြီးမားသည့်ငလျင်လှုပ်ခတ်မှုကြောင့် လူ ၈၇,၀၀၀ ကျော် သေဆုံးသို့ မဟုတ်ပျောက်ဆုံးခဲ့သည်။