နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၂၆၈ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက် MRTV သတင်းဖော်ပြမှုအရ သိရသည်။
အဆိုပါသတင်းဖော်ပြမှုအရ အချို့သောပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦး ၊အမျိုးသမီး ၃၉ ဦး၊ စုစုပေါင်း၂၆၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး၊ စုစုပေါင်း ၁၂၃၁၆ ဦး ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း များ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိ သည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။